fbpx

ခြွင်းချက်ကိစ္စအချို့မှအပ ငါးလကြာစစ်ရေးလှုပ်ရှားမှုမလုပ်ဘဲ အပစ်ရပ်ပေးမည်ဟု နစက ကြေညာ

မြန်မာနိုင်ငံတစ်ဝန်းတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားများကို ထိပါးနှောင့်ယှက်တိုက်ခိုက်သည်ကိစ္စများမှအပ တပ်မတော်၏စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၂၈)ရက်အထိ ငါးလကြာ ရပ်နားထားမည်ဖြစ်ကြောင်း အိမ်စောင့်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ထုတ်ပြန်ချက်ကိုထပ်ဆင့်အတည်ပြု၍ အိမ်စောင့်အစိုးရအဖွဲ့ဘက်က စက်တင်ဘာ(၂၇)ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး လိုရင်းအဓိပ္ပါယ်မှာ တပ်မတော်ဘက်မှ အပစ်အခတ်များအပါအဝင် စစ်ရေးလှုပ်ရှားမှုများကို ငါးလကြာရပ်နားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်အုပ်ချုပ်ရေးနှင့်လုံခြုံရေးယန္တရားများကို ထိပါးနှောင့်ယှက်တိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားခြင်းမျိုးဖြစ်သည်။

ထုတ်ပြန်ချက်အရ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီကာလအတွင်းကလည်း နိုင်ငံရေးသမားများ၏ မတူညီသည့်နိုင်ငံရေးအယူဝါဒများကြောင့် တိုင်းပြည်အစိတ်စိတ်အမြွာမြွာဖြစ်မည့်အရေးကို ဝင်ရောက်ကာကွယ်ပေးခဲ့ရကြောင်း၊ ပြည်နယ်ဒေသများအလိုက် လူမျိုးစုအလိုက်ကိုသာ ရည်ရွယ်သောနိုင်ငံရေးရည်ရွယ်ချက်များထက် တစ်နိုင်ငံလုံးအရေးကိုသာ ရည်ရွယ်သောပြည်ထောင်စုစိတ်ဓါတ်များဖြင့်သာ ညှိနှိုင်းဆွေးနွေးခြင်းလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ကိုတည်ဆောက်သင့်ကြောင်း၊ ယင်းမှသာ ငြိမ်းချမ်းရေးအစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်း ရည်ညွှန်းထားသည်။

သမ္မတဦးသိန်းစိန်လက်ကထက် အကောင်အထည်ပေါ်ခဲ့သော NCA ငြိမ်းချမ်းရေးစာချုပ်ပါမူများအတိုင်း တပ်မတော်ဘက်ကလိုက်နာကျင့်သုံးပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ လက်ရှိ ၂၀၂၁ ခုနှစ်အထိ အပစ်ရပ်ကြောင်းထုတ်ပြန်ချက်ကို အကြိမ်ရေ(၂၀)တိုင်တိုင်၊ ၂ နှစ်နှင့် ၉ လကျော်ကြာသည်အထိ လိုက်နာကျင့်သုံးထုတ်ပြန်ခဲ့ကြောင်းလည်း ဆိုသည်။ လက်ရှိကာလမှာ ကမ္ဘာအနှံ့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူသားအရင်းအမြစ်များအကြား မတည်မငြိမ်ဖြစ်နေမှုများ ဖြစ်ပေါ်နေသည့်အပြင် မြန်မာနိုင်ငံတွင်း၌လည်းနိုင်ငံရေးအခြေအနေအပြောင်းအလဲများကြောင့် အပစ်အခတ်များဖြစ်ပေါ်လာမှုကို ရပ်တန့်ပေးထားရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မတ်လကတည်းကပြောခဲ့ဖူးကြောင်း၊ ယင်းကဲ့သို့ပြောကြားမှုကို လိုက်နာလက်ခံသောအားဖြင့် အပစ်အခတ်များရပ်စဲပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဘက်က “ပြည်သူလူထု၏အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဟုသောမူဝါဒဖြင့် ကိုဗစ်ကိုထိန်းချုပ်ရင်းမှ အခြားတစ်ဖက်တွင် အပစ်ရပ်စဲရေးကိစ္စကို လိုက်နာကျင့်သုံးပေးခဲ့ကြောင်းလည်း ဆိုသည်။

အလားတူပင် အာဆီယံအထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့၏ ဆွေးနွေးမှု၌ လေးလကြာအပစ်ရပ်ထားရေးဆိုသည့် သဘောထားမူဝါဒကို ထောက်ခံကြိုဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများကို ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးရေးအတွက်ပါ ကြိုးပမ်းပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။ သို့သော်လည်း NUG-PDF တို့ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေခဲ့သည့်အတွက် ကိုဗစ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်အတွင်းမှာပင် သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သောအပြစ်မဲ့ပြည်သူများစွာ ရှိခဲ့ကြောင်းလည်း ရေးသားထားသည်။ အထူးသဖြင့် စက်တင်ဘာ(၇)ရက်က NUG ၏ ထုတ်ပြန်ချက်မှာ အံ့အားသင့်ဖွယ်ဖြစ်နေပြီး တစ်နိုင်ငံလုံးတိုက်ခိုက်ရေးဆိုသည့်လမ်းကြောင်းနှင့်အတူ မိုင်းထောင်၊ ဗုံးခွဲ၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ သေကြေထိခိုက်ဒဏ်ရာရမှုများ ရှိလာခဲ့ကြောင်းလည်း ထောက်ပြထားသည်။

ယင်းဖြစ်ရပ်များကို နိုင်ငံတကာအဖွဲ့အစည်းများဘက်က မှတ်သားထားရန်လည်းလိုအပ်ကြောင်း ထည့်သွင်းဖော်ပြသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့်တိုင် မကြာခင်ကျရောက်တော့မယ့်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းစဉ်များကို တိုင်းရင်းသားနယ်မြေများအထိပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးလိုသောကြောင့်လည်းကောင်း၊ ငြိမ်းချမ်းရေးမူဝါဒအရလည်းကောင်း အပစ်အခတ်များနှင့်စစ်ရေးလှုပ်ရှားမှုများကို တပ်မတော်ဘက်က ငါးလကြာ ရပ်နားထားပေးမည်ဟု ဆိုသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားနှင့် လုံခြုံရေးယန္တရားကို ထိပါးနှောင့်ယှက်တိုက်ခိုက်ခြင်းများမှအပ စစ်ရေးလှုပ်ရှားမှုကို ရပ်နားထားမည်ဟု အတိအလင်းအသိပေးထားပြီး ရပ်နားမည့်ကာလမှာ အောက်တိုဘာ(၁)ရက်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ(၂၈)ရက်အထိ ငါးလကြာမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအတွက်ကြောင့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုသည်ဆိုသော ခံယူချက်အတိုင်း တတ်စွမ်းသည့်ဘက်မှဝိုင်းဝန်းပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။