fbpx

မန္တလေးတွင် နေအိမ်အတွင်း အနုကြမ်းစီးခံရပြီး ဓားဒဏ်ရာများဖြင့် သားအမိ ၂ ဦး သေဆုံး

ယမန့်နေ့က မန္တလေး၌ နေအိမ်တလုံးကို အနုကြမ်းစီးခံရပြီး မိခင်ဖြစ်သူနှင့် သားကို ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ၃၂× ၈၂ လမ်းရှိ အိမ်တအိမ်တွင် မေလ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်က အနုကြမ်းစီခံရပြီး သားအမိ နှစ်ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက “CCTV မှတ်တမ်းတွေ ဘာတွေတော့ ရဲက အကုန်လုံး ရသွားတယ် ပြောတယ်။ သားမိနှစ်ယောက် ဟုတ်တယ်။ ဓားနဲ့ ထိုးထားတဲ့ဒဏ်ရာကြောင့် သေတာပေါ့။ ယောကျာ်းလေးက ဓား ၁၀ ချက်လောက် အထိုးခံထားရတယ်။ အမျိုးသမီးက ၇ ချက် ၈ ချက်လောက်ထိတယ်” ဟု ပြောသည်။

သေဆုံးခဲ့သူမှာ အောင်ချမ်းသာ ရွှေဆိုင်ပိုင်ရှင် ကိုမျိုးမြင့်ကျော်နှင့် ၎င်း၏ မိခင်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညနေ ၆ နာရီဝန်းကျင်တွင် လူနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦး အိမ်အတွင်းသို့ ဝင်သွားပြီးနောက်တွင် ဘေးအိမ်များက အော်သံများ ကြားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်မှ ရပ်ကွက်နေပြည်သူများက အိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာတွင်မှ သားမိနှစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရှိရပြီး ည ၁၀ နာရီဝန်းကျင်တွင် ကယ်ဆယ်ရေးအသင်းမှ Dead Body ကို သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း – The Irrawaddy