fbpx

SNA ဒုစစ်ဦးစီးချုပ်ကို အာဏာသိမ်းစစ်တပ်က လုပ်ကြံခြင်းဖြစ်ကြောင်း SNA ပြော

ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စဝ်ခွန်ကျော်ကို မြန်မာစစ်တပ်ဘက်က လုပ်ကြံပစ်သတ်ခြင်းဖြစ်ကြောင်း SNA ပြောခွင့်ရ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဧရာဝတီသို့ပြောသည်။

၎င်းက “အဓိကတော့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ ဘာတွေမရှိဘူး။ ရန်သူဘက်ကပါပဲ။ ဝင်လုပ်တာပေါ့။ တကယ်ကို စနစ်တကျထိုးဖောက်ဝင်ရောက်လာတာပေါ့။ မြန်မာစစ်တပ်ဘက်က လုပ်တာပါ” ဟု ပြောသည်။

ဗိုလ်ချုပ်စဝ်ခွန်ကျော်ကို SNA တပ်ဖွဲ့အတွင်းစည်းထိ ဝင်ရောက်နေသော မြန်မာစစ်တပ်ဘက်ကလူက မေလ ၂၆ ရက်တွင် အနီးကပ် ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။ သို့သော်လည်း SNA တွင် မြန်မာစစ်တပ်ဘက်က လုပ်ကြံကြောင်း အထောက်အထားမည်မျှရထားသည်နှင့် ပတ်သက်၍မူ ၎င်းက ပြောကြားခြင်းမရှိပေ။

“ဖြစ်တာကတော့ ၂၆ ရက်နေ့ဖြစ်တာ။ ဆုံးတာကတော့ ၂၇ ရက်နေ့ နံနက် ၉ နာရီဆုံးတာ။ သူ့လုံခြုံရေးအဖွဲ့ကို ပစ်ပြီးမှ သူ့ကို ပစ်သွားတာပါ။ ကျဆုံးတာကတော့ သူ ၁ ယောက်တည်းပါ။ ကျန်တဲ့ သူ့ရဲ့လုံခြုံရေးတပ်စိပ်မှူးတို့ ၁ ဒဏ်ရာရတယ်။ လုပ်ကြံတဲ့သူကိုတော့ ကျနော်တို့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

လုပ်ကြံသူနှင့် ဆက်စပ်သူများကိုဖမ်းဆီးရမိနိုင်ရေး SNA က ဆက်လက်စုံစမ်းဖော်ထုတ်နေပြီး ဗိုလ်ချုပ်စဝ်ခွန်ကျော်၏ ဈာပနကို SNA ၏ လွတ်မြောက်နယ်မြေ တနေရာတွင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။

ဗိုလ်ချုပ် စဝ်ခွန်ကျော် ကျဆုံးသွားခြင်းကြောင့် ရှမ်းနီအမျိုးသားရေး လှုပ်ရှားမှုအတွက် ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်စေ ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေး တာဝန်များအတွက်လည်း အခက်အခဲ ဖြစ်စေကြောင်း SNA က ဆိုသည်။

ဗိုလ်ချုပ် စဝ်ခွန်ကျော်သည် မိုးညှင်းမြို့နယ် မော်ဟန် ဇာတိ ရှမ်းနီတိုင်းရင်းသား တဦးဖြစ်ပြီး ၎င်း၏ အခြားအမည်မှာ ရဲဘော်သံချောင်း (ခ) ဦးမြင့်စိုးဖြစ်သည်။

၈ လေးလုံးအရေးတော်ပုံကာလအတွင်းက လက်နက်ကိုင် တော်လှန်ရေး လုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နယ်မြေတွင်တောခိုခဲ့ပြီး KIA နယ်မြေရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး- မြန်မာပြည်မြောက်ပိုင်း (ABSDF-NB) တွင် ဒု-ဥက္ကဋ္ဌ နှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ABSDF-NB တွင် မြောက်ပိုင်းစစ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့စဉ် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ပါဂျောင် ဒေသတွင်ဖြစ်ပွားခဲ့သော တောခိုကျောင်းသားများအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တွင် အဓိကပါဝင်သူဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

စဝ်ခွန်ကျော်သည် ၁၉၉၉ ခုနှစ်က ရှမ်းပြည်နယ်လွယ်တိုင်းလျန်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဌာနချုပ် စတင် ထူထောင်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့ပြီး RCSS/SSA ၏ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၄၁ တပ်မဟာမှူး အဖြစ် လည်းကောင်း ဗိုလ်မှူးကြီး ရာထူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့နောက် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် SNA ကိုတည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဉ် သတင်းပေါက်ကြားမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီး၌ မြန်မာစစ်တပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခံရသည်။

သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည် လွတ်မြောက်လာပြီး SNA သို့ ပြန်သွားကာ ဒုတိယစစ်ဦးစီးချုပ် အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူ ညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ ရရှိရန်နှင့် ရှမ်းနီပြည်နယ် ထူထောင်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း SNA ထံမှသိရသည်။

SNA သည် ရှမ်းနီတိုင်းရင်းသားများ အများစုနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီး ဒေသနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ဟုမ္မလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်းပြင်နှင့် တမူးဒေသ တဝိုက်တွင် စစ်ရေးလှုပ်ရှားသည်။

#Zawgyi

ရွမ္းနီ အမ်ိဳးသားမ်ားတပ္မေတာ္ (SNA) ၏ ဒုတိယစစ္ဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္ကို ျမန္မာစစ္တပ္ဘက္က လုပ္ႀကံပစ္သတ္ျခင္းျဖစ္ေၾကာင္း SNA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေဆစိုင္းထြန္းက ဧရာဝတီသို႔ေျပာသည္။

၎က “အဓိကေတာ့ ပုဂၢိဳလ္ေရး မုန္းတီးမႈေတြ ဘာေတြမရွိဘူး။ ရန္သူဘက္ကပါပဲ။ ဝင္လုပ္တာေပါ့။ တကယ္ကို စနစ္တက်ထိုးေဖာက္ဝင္ေရာက္လာတာေပါ့။ ျမန္မာစစ္တပ္ဘက္က လုပ္တာပါ” ဟု ေျပာသည္။

ဗိုလ္ခ်ဳပ္စဝ္ခြန္ေက်ာ္ကို SNA တပ္ဖြဲ႕အတြင္းစည္းထိ ဝင္ေရာက္ေနေသာ ျမန္မာစစ္တပ္ဘက္ကလူက ေမလ ၂၆ ရက္တြင္ အနီးကပ္ ဝင္ေရာက္ပစ္ခတ္သျဖင့္ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ေဆစိုင္းထြန္းက ေျပာသည္။ သို႔ေသာ္လည္း SNA တြင္ ျမန္မာစစ္တပ္ဘက္က လုပ္ႀကံေၾကာင္း အေထာက္အထားမည္မွ်ရထားသည္ႏွင့္ ပတ္သက္၍မူ ၎က ေျပာၾကားျခင္းမရွိေပ။

“ျဖစ္တာကေတာ့ ၂၆ ရက္ေန႔ျဖစ္တာ။ ဆုံးတာကေတာ့ ၂၇ ရက္ေန႔ နံနက္ ၉ နာရီဆုံးတာ။ သူ႔လုံၿခဳံေရးအဖြဲ႕ကို ပစ္ၿပီးမွ သူ႔ကို ပစ္သြားတာပါ။ က်ဆုံးတာကေတာ့ သူ ၁ ေယာက္တည္းပါ။ က်န္တဲ့ သူ႔ရဲ႕လုံၿခဳံေရးတပ္စိပ္မႉးတို႔ ၁ ဒဏ္ရာရတယ္။ လုပ္ႀကံတဲ့သူကိုေတာ့ က်ေနာ္တို႔ အေသပစ္ခတ္ဖမ္းဆီးႏိုင္ခဲ့ပါတယ္” ဟု ၎က ေျပာသည္။

လုပ္ႀကံသူႏွင့္ ဆက္စပ္သူမ်ားကိုဖမ္းဆီးရမိႏိုင္ေရး SNA က ဆက္လက္စုံစမ္းေဖာ္ထုတ္ေနၿပီး ဗိုလ္ခ်ဳပ္စဝ္ခြန္ေက်ာ္၏ ဈာပနကို SNA ၏ လြတ္ေျမာက္နယ္ေျမ တေနရာတြင္ ဗုဒၶဘာသာ ထုံးစံအတိုင္း ျပဳလုပ္မည္ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ေဆစိုင္းထြန္းက ေျပာသည္။

ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္ က်ဆုံးသြားျခင္းေၾကာင့္ ရွမ္းနီအမ်ိဳးသားေရး လႈပ္ရွားမႈအတြက္ ႀကီးမားသည့္ ဆုံးရႈံးမႈကို ျဖစ္ေစ ၿပီး ေရွ႕ဆက္လုပ္ေဆာင္မည့္ အမ်ိဳးသားေရး တာဝန္မ်ားအတြက္လည္း အခက္အခဲ ျဖစ္ေစေၾကာင္း SNA က ဆိုသည္။

ဗိုလ္ခ်ဳပ္ စဝ္ခြန္ေက်ာ္သည္ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ ဇာတိ ရွမ္းနီတိုင္းရင္းသား တဦးျဖစ္ၿပီး ၎၏ အျခားအမည္မွာ ရဲေဘာ္သံေခ်ာင္း (ခ) ဦးျမင့္စိုးျဖစ္သည္။

၈ ေလးလုံးအေရးေတာ္ပုံကာလအတြင္းက လက္နက္ကိုင္ ေတာ္လွန္ေရး လုပ္ရန္ ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA) နယ္ေျမတြင္ေတာခိုခဲ့ၿပီး KIA နယ္ေျမရွိ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး- ျမန္မာျပည္ေျမာက္ပိုင္း (ABSDF-NB) တြင္ ဒု-ဥကၠ႒ ႏွင့္ စစ္ေရးတာဝန္ခံအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

၎သည္ ABSDF-NB တြင္ ေျမာက္ပိုင္းစစ္ေရး တာဝန္ခံအျဖစ္ ေဆာင္႐ြက္ခဲ့စဥ္ ၁၉၉၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္က ပါေဂ်ာင္ ေဒသတြင္ျဖစ္ပြားခဲ့ေသာ ေတာခိုေက်ာင္းသားမ်ားအား စစ္ေထာက္လွမ္းေရးဟု စြပ္စြဲကာ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခဲ့သည့္ ျဖစ္ရပ္တြင္ အဓိကပါဝင္သူဟု စြပ္စြဲခံထားရသူ ျဖစ္သည္။

စဝ္ခြန္ေက်ာ္သည္ ၁၉၉၉ ခုႏွစ္က ရွမ္းျပည္နယ္လြယ္တိုင္းလ်န္းရွိ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA) ဌာနခ်ဳပ္ စတင္ ထူေထာင္စဥ္တြင္ ပါဝင္လႈပ္ရွားခဲ့ၿပီး RCSS/SSA ၏ ဗဟိုေကာ္မတီဝင္အျဖစ္ လည္းေကာင္း၊ ၂၄၁ တပ္မဟာမႉး အျဖစ္ လည္းေကာင္း ဗိုလ္မႉးႀကီး ရာထူး အျဖစ္ တာဝန္ယူ ေဆာင္႐ြက္ခဲ့သူ ျဖစ္သည္။

ထို႔ေနာက္ ၂၀၀၆ ခုႏွစ္ ဇန္နဝါရီလတြင္ SNA ကိုတည္ေထာင္ရန္ ျမန္မာျပည္ေျမာက္ပိုင္းသို႔ ခ်ီတက္လာစဥ္ သတင္းေပါက္ၾကားမႈေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ နမ့္တီး႐ြာအနီး၌ ျမန္မာစစ္တပ္၏ ပိတ္ဆို႔ဖမ္းဆီးျခင္းခံရၿပီး ေသဒဏ္ေလးႀကိမ္ အျပစ္ေပးခံရသည္။

သမၼတ ဦးဝင္းျမင့္လက္ထက္တြင္ လြတ္ၿငိမ္းခ်မ္းသာမႈျဖင့္ ျပန္လည္ လြတ္ေျမာက္လာၿပီး SNA သို႔ ျပန္သြားကာ ဒုတိယစစ္ဦးစီးခ်ဳပ္ အျဖစ္ တာဝန္ဆက္လက္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ရွမ္းနီအမ်ိဳးသားမ်ား တပ္မေတာ္ (SNA) ကို ၁၉၈၉ ခုႏွစ္တြင္ ရွမ္းနီတိုင္းရင္းသားမ်ား၏ ႏိုင္ငံေရး တန္းတူ ညီမွ်ခြင့္၊ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးႏိုင္ခြင့္တို႔ ရရွိရန္ႏွင့္ ရွမ္းနီျပည္နယ္ ထူေထာင္ႏိုင္ရန္ ရည္႐ြယ္ကာ ဖြဲ႕စည္းထားျခင္း ျဖစ္ေၾကာင္း SNA ထံမွသိရသည္။

SNA သည္ ရွမ္းနီတိုင္းရင္းသားမ်ား အမ်ားစုေနထိုင္သည့္ ကခ်င္ျပည္နယ္ ဖားကန႔္၊ အင္းေတာ္ႀကီး ေဒသႏွင့္ စစ္ကိုင္းတိုင္း အတြင္းရွိ ဟုမၼလင္း၊ ပင္လယ္ဘူး၊ ဗန္းေမာက္၊ ခႏၲီး၊ ေဖာင္းျပင္ႏွင့္ တမူးေဒသ တဝိုက္တြင္ စစ္ေရးလႈပ္ရွားသည္။