fbpx

ဦးကျော်မိုးထွန်း တက်ရောက်သည့်အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအမြစ်မရှိသောပြောကြားချက်အဖြစ် ကန့်ကွက်

ဦးကျော်မိုးထွန်း တက်ရောက်ခဲ့သည့်(၇၆)ကြိမ်မြောက်ကုလညီလာခံ တတိယကော်မတီ၏ အမျိုးသမီးရေးရာအစည်းအဝေးကို အခြေအမြစ်မရှိသောပြောကြားချက်များအဖြစ် ပယ်ချကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးထံ ကန့်ကွက်လွှာပေးပို့ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဦးကျော်မိုးထွန်းက အောက်တိုဘာ(၅)ရက်တွင်ကျင်းပခဲ့သည့် အမျိုးသမီးအခွင့်အရေးမြင့်တင်မှုဆိုင်ရာ Virtual Meeting အစည်းအဝေးတွင် မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်တပ်ဘက်က ဝိသေသလက္ခဏာဆန်ဆန်ကျုးလွန်ခဲ့ကြောင်း အတိအလင်းပြောကြားထားသည်ကို တွေ့ရသည်။ ယင်းအပြင် ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်းမှစ၍ မြန်မာအမျိုးသမီးများမှာ စစ်တပ်၏အကြမ်းဖက်မှုအန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း၊ အဆိုပါကျုးလွန်ချက်များကို နိုင်ငံတကာအသိုင်းအဝန်းနှင့် ကုလသမဂ္ဂတို့ဘက်က ထိရောက်စွာအရေးယူစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

ယင်းအချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ကို အောက်တိုဘာ(၆)ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် “ ရာထူးမှထုတ်ပယ်ထားသော နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် တရားရင်ဆိုင်နေရသော ကျော်မိုးထွန်းသည် အောက်တိုဘာ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် တတိယကော်မတီ၏အစည်းအဝေးအစီအစဉ် (၂၉)၊ အမျိုးသမီးများအခန်းကဏ္ဍမြှင့်တင်ရေး အပြန်အလှန်ဆွေးနွေးပွဲတွင် ပါဝင် ပြောကြားခဲ့ကြောင်းသိရှိရသည်။ ၎င်း၏ ပါဝင်တက်ရောက်မှုကို ခွင့်ပြုခဲ့ခြင်းနှင့် တစ်ဖက်သတ်အခြေအမြစ် မရှိသော ပြောကြားချက်တို့ကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ်ချကြောင်း သက်ဆိုင်ရာရုံးများသို့ အကြောင်းကြားခဲ့သည် ” ဟု တွေ့ရသည်။

အဆိုပါကြေညာချက်ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်ထားခြင်းမျိုးဖြစ်ပြီး ဦးကျော်မိုးထွန်း၏ပြောကြားချက်နှင့် ယှဉ်လျှင် အချိန်အားဖြင့် နာရီပေါင်း(၂၀)ထက်မနည်း နောက်ကျခဲ့သည်ကို တွေ့ရသည်။

ကမ္ဘာတစ်ဝန်း၌ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုအားလုံးရပ်တန့်ရေးသည် အခြေခံလူ့အခွင့်အရေးသာမက နိုင်ငံအားလုံးတွင်မဖြစ်မနေ လုပ်ဆောင်ရမည့်အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားထားပြီး မြန်မာကိစ္စတွင်မူ စစ်တပ်ဘက်ကို ဦးတည်ပြောဆိုထားသည်ကို တွေ့ရသည်။