fbpx

စစ်ကောင်စီလက်အောက် ကျောင်းတွေ တက်သင့်မတက်သင့်

မေလ ၂၄ရက်ကနေ ၃၁ရက်အထိ စစ်ကောင်စီလက်ထက် အခြေခံပညာကျောင်း၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်ပါတယ်။ ကျောင်းစအပ်လို့ရတဲ့နေ့မှာ အရင်နှစ်တွေကနဲ့မတူဘဲ ကျောင်းအပ်တဲ့သူ သိသိသာသာလျော့ကြလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေသိရပါတယ်။ နှစ်စဉ် လူဦးရေ တသိန်းကျော်၊ နှစ်သိန်းနီးနီးကျောင်းအပ်လေ့ရှိတဲ့ ရန်ကုန်တိုင်းအတွင်းမှာလည်း စစချင်းကျောင်းအပ်ရက် မေလ (၂၄)ရက်မှာ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘကကျောင်းတွေပါအပါ လူဦးရေ ငါးသောင်းကျော်သာလာအပ်တယ်လို့ တိုင်းပညာရေးရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုတွေ၊ မီးလောင်ပျက်စီးမှုတွေ ရှိလာနေပြီး ကျောင်းသား ကလေးငယ်တွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူစိုးရိမ်တာတွေဖြစ်လာနေပါတယ်။

ဒီအခြေအနေတွေကြားမှာ ကျောင်းပြန်ဖွင့်ဖို့ အနေနဲ့ ကျောင်းအပ်လက်ခံတဲ့အပေါ် အမြင်တွေကို စုစည်းပေးထားပါတယ်။

စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုတွေ၊ မီးလောင်ပျက်စီးမှုတွေ ရှိလာ

နဝမတန်းကျောင်းသူ (ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း TTC)

စစ်အာဏာရှင်လက်အောက်က ဘာတာဝန်မှမယူနိုင်ဘူး။ ဘယ်ဆရာမ သင်သင်မလိုက်နာနိုင်ဘူး။ ဒီလိုနည်းနဲ့ တွန်းလှန်ရမှာပဲ။ တစ်ယောက်ချင်းစီကနေ တစ်နိုင်ငံလုံးဒီလိုတွန်းလှန်လိုက်ရင် ပြီးပြီလေ။ အဲ့ဒါဆိုရင် ကောင်းကောင်းလည်ပတ်လို့မရတော့ဘူး။ ကောင်းကောင်းလည်ပတ်လို့မရရင် သူတို့လက်လျှော့မယ်၊ သူတို့ လက်လျှော့ရင် ဒီမိုကရေစီပြန်ရမယ်။ ဒီမိုကရေစီပြန်ရရင် ကျောင်းပြန်တက်လို့ရပြီ။

မြန်မာနိုင်ငံက အစကတည်းက ဆင်းရဲနေပါတယ်ဆိုမှ သူတို့လုပ်တော့ ထပ်ဆင်းရဲ၊ ထပ်ဆင်းရဲတော့ နိုင်ငံခြားသွားမယ့်ကျောင်းသားတွေက မျက်နှာငယ်၊ အနာဂတ်ကလေးတွေကမျက်နှာငယ်။

အဲဒီတော့ စစ်အာဏာရှင်လက်အောက်က ဘယ်သူပဲဖြစ်ဖြစ် ဘာခိုင်းခိုင်း ဘာမှမလုပ်နိုင်ဘူး။ ဆရာမတွေစာသင်မယ်ဆိုလည်း လုံးဝစာမသင်နိုင်ဘူး။ နောင်နှစ်ပေါင်းများစွာ ဘဝကောင်းစားရေး တနှစ်လောက်အောက် လိုက်မယ်။ ဘာမှဆုံးရှုံးစရာမရှိဘူးလို့ထင်တယ်။

 

အထက်တန်းပြဆရာမ (ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်)

မဖြစ်နိုင်တဲ့အခြအနေကြီးမှာ အသည်းအသန်ကျောင်းဖွင့်လိုက်တာလေ၊ ပြီးတော့ဆရာအင်အားအနေအထား နဲ့ကလည်းဘယ်လိုမှအဆင်မပြေနိုင်ဘူး။ နဂိုတည်းကမှဆရာမအင်အားမလုံလောက်တဲ့ဟာကို ဒီလိုအခြေအနေကို ဖွင့်တယ်ဆိုတော့ ဖွင့်သာဖွင့်တယ်အကျိုးမရှိဘူး။ ကလေးတွေအနေနဲ့လည်း လုံခြုံမှုမရှိဘူးလေ။

ကိုဗစ်ကလည်း ပြန်ဖြစ်နေတာလေ။ ကျောင်းဖွင့်တဲ့အပေါ် သိပ်ပြီးတော့သဘောမကျဘူး။ ကျွန်မတို့ကျောင်းမှာဆို နဂိုတည်းက အထက်တန်းပြ (၃)ယောက်ပဲရှိတာလေ။ အလယ်တန်းမှာကအပြည့်ရှိတယ်။ အထက်တန်းမှာက (၂)ဘာသာကို (၁)ယောက် သင်နေရတာ။ အခုကျွန်မက CDM လုပ်တယ်ဆိုတော့ သူတို့ပိုပြီး အလုပ်များတာပေါ့။ နဂိုတည်းကမှ ဆရာမအင်အားလိုအပ်ချက်ရှိနေတာလေ။ ကျွန်မတို့ကျောင်းမှာ CDM က ကျွန်မတစ်ယောက်တည်း။ ကျန်တဲ့ မူတွေလယ်တွေရော အထက်တန်းတွေရော အကုန်ကျောင်းသွားကြတယ်။

 

ဦးဦးထွန်းလှိုင်(ကျောင်းသားမိဘ၊ ရခိုင်ပြည်နယ်)

လူကြီးတွေရဲ့ စိတ်ဆန္ဒကို ထိပ်ကိုမတင်ဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုတော့ စဉ်းစားစေချင်တယ်။ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာက ပညာမတတ်ရင်ဘာလုပ်မှာလဲ၊ ပညာမတတ်ရင် ဘာမှလုပ်မရဘူး။ ဒီနိုင်ငံရဲ့ အခြေအနေက ၁၀နှစ်သွားမယ်ဆိုရင် ၁၀ နှစ်ကလေးတွေ စာမတတ်ရင် ဘာဖြစ်မှာလဲ။ သူတို့တွေရဲ့ အနာဂတ် အားလုံးဆုံးရှုံးသွားမယ်၊ ပျောက်ကွယ်သွားမယ်။

ကျွန်တော်ဆိုလိုတာကတော့ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကို မဆိုလိုဘူး။ သူတို့ကတော့ နိုင်ငံခြားမှာထားမှာထားမှာပဲ။ ဒါပေမဲ့ လက်လုပ်လက်စားလူတန်းစားရှိမယ်၊ အခြေခံလူတန်းစားတွေရှိမယ်၊ နောက်ဝန်ထမ်းသားသမီးတွေရှိမယ်။ အဲ့ဒီလူတွေကျတော့ နိုင်ငံခြားကျောင်းတွေမှာ မထားနိုင်ဘူး။ ဆိုတဲ့အခါကျတော့ ဟိုကလေးတွေကျတော့ အတန်းတွေသူ့ဟာသူ တက်သွားမယ်၊ သူ့ဟာသူ စာတွေတတ်သွားမယ်၊ ဒီမှာမသင်နိုင်တဲ့ကလေးတွေ ဒီတိုင်းကျန်ခဲ့မယ်ဆိုတာက တရားမျှတမှု မရှိဘူး။

နိုင်ငံရေးထဲမှာ ကလေးတွေကိုအဓိက မရောဘဲနဲ့ လူကြီးတွေရဲ့ ဆန္ဒ ဥပမာကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲ့ဒါတွေကိုဘေးဖယ်ပြီးတော့ ပညာရေးကိုတော့ ဦးစားပေးပြီးတော့ ကျောင်းတွေထားရင် တော့ ပိုပြီးတော့ တိုးတက်တဲ့မြန်မာနိုင်ငံတော်ကြီးဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ဗျ။

 

တာဝန်ခံကျောင်းအုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)

ကျွန်တော်တို့ တိုင်းဘကဆရာတော်တွေကတော့ ကျွန်တော်တို့ကိုမိန့်တာကတော့ ကျောင်းဖွင့်တာကိုတော့ဖြင့် ဖွင့်တော့ဖွင့်ထားလိုက်ပါပေါ့။ တကယ်လို့လာမအပ်ဘူးဆိုရင်လည်း ဖိအားမပေးဖို့ရာ ကျွန်တော်တို့ကိုပြောတယ်ပေါ့နော်။ လုံးဝဖိအားမပေးပါနဲ့၊ သူတို့လာအပ်ချင်မှအပ်ပါလိမ့်မယ်။

ကျွန်တော်တို့ကတော့ CDM ဆရာများနည်းတူ လုပ်မယ်ပေါ့။ ကျွန်တော်တို့ရဲ့အစိုးရလာမှသာလျှင် ကျွန်တော်တို့တာဝန်ထမ်းမယ်ဆိုပြီးတော့ပေါ့။

ဒီပဲယင်းမြို့နယ်မှာ ဘက ကျောင်း (၁၃)ကျောင်းရှိတယ်။ (၁၃)ကျောင်းလုံးမဖွင့်ကြဘူးဗျ။ ကျောင်းသားတွေလည်း ကျွန်တော်တို့က ဒီအစိုးရလာမှပဲဖွင့်မယ်လို့ အကုန်လုံးဆော်ဩလိုက်တဲ့အချိန်မှာ သူတို့ကလည်း မလာသလို ကျွန်တော်တို့ကလည်း သင်မပေးတော့ဘူး။ အဲ့လိုဖြစ်သွားတယ်။ ကျောင်းအပ်မှုကတော့ မရှိဘူးဗျ၊ ကျွန်တော်တို့ဘက်မှာတော့။

ထပ်ပြီးတော့ ကျွန်တော်တို့ရဲ့နည်းဗျူဟာအရ လုပ်ထားတာက ဒီကျောင်းဖွင့်တဲ့ရာသီရောက်တယ်ဆိုရင်တော့ ကျွန်တော်တို့က လွတ်လပ်တဲ့ကိုယ်ပိုင်အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက် စာသင်ပေးဖို့ရာတော့ စီစဉ်ထားတာ တွေရှိတယ်ဗျ။ အစိုးရနဲ့အဆက်အဆံမလုပ်ဘဲနဲ့ ကျွန်တော်တို့ဘာသာ ကလေးတွေရဲ့ သင်ကြားသင်ယူမှု အဆက်မပြတ်ဖို့ရာအတွက် ကျွန်တော်တို့အခြေအနေအချိန်အခါကို ကြည့်ပြီးတော့လုပ်ဆောင်ပေးမယ် ဆိုတဲ့ ဟာမျိုး၊ ဒုဝန်ကြီး (NUG) တွေကလည်း ပြောထားတာရှိတယ်ဗျ။ ဒုဝန်ကြီးနဲ့ ဆရာဆရာမများအဖွဲ့တွေနဲ့ Meeting ထိုင်တဲ့အခါရောက်တော့ အချိတ်အဆက်တော့ချိတ်ဆက်ထားတယ်၊ သူတို့လည်း ညွှန်ကြားစာတွေ ထုတ်ထားတာရှိတယ်ဗျ။

 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟောင်း (ပုဂ္ဂလိကကျောင်းကဏ္ဍ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ် MTF)

ကျောင်းလက်ခံတဲ့ရက်မတူဘူး၊ ဒီနေ့တို့မနက်ဖြန်တို့မှ ကျောင်းလက်ခံမယ့်နယ်ကကျောင်းတွေလည်း ရှိတယ်လေ။ တနိုင်ငံလုံးတော့မခြုံမိသေးဘူး။ ရန်ကုန်မှာတော့မနေ့က ကျွန်တော်တို့မိတ်ဆွေတွေဆီကို မေးကြည့်တာ ကျောင်းသားအပ်နှုန်းတွေမလာဘူးခင်ဗျ။ ကျောင်းသားအပ်တာတွေလျော့ကျတယ်၊ တချို့ လာမအပ်ကြဘူး။ အဲ့လိုပုံစံမျိုးတွေတွေ့ရပါတယ်။ တချို့ပုဂ္ဂလိကကျောင်းတွေမှာက ပြီးခဲ့တဲ့ နှစ်က တလ လောက်ကျောင်းအပ်ထားပြီးတော့ ပိုက်ဆံတွေ၊ ကြိုတင်ငွေတွေသွင်းထားတာရှိတယ်လေ။

အဲ့ကြိုတင်ငွေ တွေနဲ့ပတ်သက်ပြီးတော့ မိဘတွေကို တကယ်လို့ကျောင်းမအပ်ဘူးဆိုလို့ရှိရင်လည်း အဲ့ဒီငွေတွေကို သူတို့ အနေနဲ့ ပြန်ထုတ်ပေးတယ်ပေါ့နော်။ တကယ်လို့ကျောင်းအပ်မယ်ဆိုလို့ရှိရင်လည်း အဲ့ဒီငွေနဲ့ပဲချေပြီးတော့ ကျောင်းအပ် လက်ခံပါမယ်ဆိုပြီး ခေါ်ပြောတဲ့ကျောင်းတွေ အခုလုပ်နေကြတာပေါ့နော်။

ကျောင်းတွေကို ဇွန် ၁ ရက်မှာပြန်ဖွင့်ဖို့ စစ်ကောင်စီက စိုင်းပြင်းနေပါတယ်။

တချို့ကျောင်းတွေက လည်း ဖုန်းနဲ့ ဆက်ပြီးတော့ မေးတာလည်းရှိတယ်။ ကျောင်းတက်ဖြစ်လား၊ တကယ်လို့ကျောင်းသားကျောင်းသူတွေက တက်ဖြစ်တယ်ဆိုရင် သူတို့ကဖွင့်ပေးမယ်။ ကျောင်းသားကျောင်းသူတွေက မတက်ဘူးဆိုရင်တော့ သူတို့က ပိတ်ထားရမယ်ပေါ့။ အဲ့လိုဒေတာတွေလှမ်းကောက်တာလည်းရှိတယ်။

တက်လည်းမတက်ဘူး၊ အပ်လည်းမအပ်ဘူး ယတိပြတ်ပြောတဲ့မိဘတွေလည်းရှိတယ်၊ တချို့ကျတော့ အပ်တဲ့သူလည်းအနည်းငယ် ရှိတယ်၊ အများကြီးတော့ လာအပ်တာမျိုးတော့ မလုပ်တော့ဘူးပေါ့ဗျာ။ ကျောင်းတွေမှာ တော်တော်ဒုက္ခရောက်နေတာက ဖွင့်ရမလား၊ ပိတ်ရမလားဆိုတဲ့အဖြေကို မသိသေးဘူးပေါ့။

နောက် (၂)ရက် (၃)ရက်လောက် ကျောင်းအပ်တဲ့ကာလကို ခဏစောင့်ကြည့်ဦးလေ။ နစကရဲ့ ပညာရေးဝန်ကြီးဌာနကလည်း နေ့စဉ်ကျောင်းအပ်တဲ့စာရင်းတွေ၊ ကျောင်းအပ်တဲ့ ဝင်နှုန်းတွေအကုန်လုံးကို လည်းပဲ သူတို့က တနေ့တနေ့ ဘယ်လောက်ဝင်လဲဆိုတဲ့ဝင်နှုန်းကိုလည်းပဲ တိုင်းပညာရေးမှူးရုံးကို ပို့ရတာမျိုးတွေရှိတယ်။

ကျွန်တော်ထင်ပါတယ်။ ကျောင်းဖွင့်နိုင်ဖို့ရာခိုင်နှုန်းက တော်တော်လေးနည်းသွားတယ်။ သူတို့လည်း ကျောင်းဖွင့် နိုင်လောက်တဲ့အနေအထားမရှိနိုင်လောက်တဲ့ အနေအထားကိုရောက်သွားပါပြီ။ ခြုံသုံးသပ်ရရင်တော့ အစိုးရကျောင်းတွေမှာလည်း ကျောင်းအပ်နှုန်းတွေက ရန်ကုန်မှာအတော်လေးနည်းပါး သွားပါတယ်။ ရာနှုန်းတော်တော်မအပ်တာပေါ့နော်။ ကိုယ်ပိုင်ကျောင်းတွေမှာလည်း အဲ့လိုပုံစံမျိုးတွေ ဖြစ်တယ်။