fbpx

ဒီမော့ဆိုမြို့တွင်အကြမ်းဖက်စစ်ကောင်စီမှစနိုက်ပါဖြင့်လှမ်းပစ်ရာပြည်သူတစ်ဦးသေဆုံး

ကယားပြည်နယ်၊ဒီမော့ဆိုမြို့နှင့်ငွေတောင်သွားသည့်လမ်းကြား၌ ယနေ့နံနက် ၆ နာရီ ၀န်းကျင်တွင် လွိုင်ကော်မှအပြန်ဖြတ်သန်းသွားလာသည့်ပြည်သူနှစ်ဦးအား အကြမ်းဖက်စစ်ကောင်စီမှစနိုက်ပါဖြင့်လှမ်းပစ်ရာအမျိူးသမီးတစ်ဦးသေဆုံးသွားသည်ဟုယင်းဒေသခံထံမှသိရသည်။

“တံတားဖြူမှာပြည်သူနှစ်ယောက်လွိုင်ကော်ပြန်လာတာကိုစစ်ကောင်စီဘက်ကစနိုက်ပါနဲ့လှမ်းပစ်တာတယောက်ဆုံးသွားတယ်၊ယောက်ကျားလေးတစ်ယောက်ကတော့ဒဏ်ရာရတယ်”ဟုအဆိုပါမြို့ခံစစ်ဘေးရှောင်ပြည်သူများအားကူညီပေးသူတစ်ဦးကမဇ္ဈိမကိုပြောသည်။

ဒီမော့ဆိုမြို့တွင် ယနေ့နံနက် ၅ နာရီ ၀န်းကျင်ကစ၍ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့အမြှောက်တပ်များဖြင့်အပြန်အလှန်ပစ်ခတ်နေကြ၍လက်ရှိတွင်တိုက်ပွဲခဏငြိမ်သက်နေကြောင်း ယင်းမြို့ဒေသခံတစ်ဦး၏ပြောပြချက်အရသိရသည်။

အဆိုပါဒေသတွင် ယနေ့နံနက် ၃ နာရီ နှင့် ၄ နာရီကြားတွင်သေနတ်ပစ်ဖောက်သံများ၊မနက်ပိုင်း ၉ နာရီ၀န်းကျင်တွင်အကြမ်းဖက်စစ်ကောင်စီဘက်မှလက်နက်ကြီးများပစ်ခတ်သံများကြားရကြောင်းဒေသံအချို့ထံမှသိရသည်။
“ဒီမော့ဆိုမှာဘယ်နေရာမှမလုံခြုံတော့ဘူး၊ဘောလုံးကွင်းတွေမှာလဲတပ်စွဲထားတယ်၊ နေ့တိုင်းလိုလိုဖြတ်သွားသမျှပြည်သူတွေကိုရမ်းသမ်းလှမ်းပစ်တယ်၊မြို့ကလမ်းတစ်လျှောက်မှာလဲစနိုက်ပါတွေအများကြီးချိန်ထားတာတွေရှိတယ်”ဟု ဒီမော့ဆိုဒေသခံတစ်ဦးကမဇ္စျိမကိုပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ဒီမော့ဆိုမြို့မှပြည်သူများအပြန်အလှန်ပစ်ခတ်နေသည့်နောက်ယင်းမြို့တွင်စစ်ဘေးရှောင်ပြည်သူဦးရေ နှစ်သောင်းကျော်ရှိကြောင်း ဒီမော့ဆိုစစ်ဘေးရှောင်ပြည်သူများအားကူညီရေးအဖွဲ့၀င်တစ်ဦးထံမှသိရသည်။

သတင်းနှင့်ဓာတ်ပုံ – Mizzima