fbpx

PSI စလောင်းမဖြုတ်ရင် စစ်တပ်ခေါ်လာမယ်လို့ အုပ်ကြီး ခြိမ်းခြောက်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ဂွကြီးကျေးရွာအုပ်စု၊ဂွကြီးကျေးရွာအုပ်ချူပ်ရေးမှုးဦးမောင်ဦးက PSI စလောင်းမဖြုတ်ရင် စစ်တပ်ခေါ်လာမယ်လို့ ရွာသားတွေကို ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၈ ရက်မှာ အစည်းအဝေးခေါ်ပြီး ရွာထဲမှာ ရှိတဲ့ PSI စလောင်းတွေကို သုံးရက်အတွင်း ဖြုတ်ပေးရမယ်ဆိုပြီး ပြောခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုး ဦးမောင်ဦးက အရပ်သားအစိုးရလက်ထက်မှာကတည်းက အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလဲ အုပ်ချုပ်ရေးမှူးဆက်လုပ်နေသူတစ်ဦးလဲဖြစ်ပါတယ်။

“မနေ့ကရွာသားတွေကိုအစည်းဝေးခေါ်ပီးPSIစလောင်းတွေ3ရက်အတွင်းရွားထဲမှဖြုတ်ရမယ်လို့ခြိမ်းခြောက်ပါတယ်၊စလောင်းမဖြုတ်ရင်စစ်တပ်ကိုခေါ်မယ်လို့လဲခြိမ်းခြောက်နေပါတယ်၊ ၃ ရက်အချိန်ပေးထားပါတယ်၊ ကျွန်တော်တို့က Mizzima, DVB သတင်းတွေကို PSI ကပဲကြည့်နေရတာ” အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ကျောင်းအပ်ရက်မတိုင်ခင်မှာ ကျောင်းသားတွေကျောင်းမထားရင် ရွာမှာမနေနဲ့လို့ ပြောဆိုခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုလုပ်အားပေးနှစ်ခါခေါ်ခဲ့ပြီး မလာရင် ဒဏ်ငွေ တစ်သောင်း ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့လဲ ဆိုပါတယ်။

ဒီအကြောင်းအရာတွေကို ရွာသားတွေက သတင်းဌာနတွေကို သတင်းပေးခဲ့လို့ ဆိုပြီး PSI စလောင်းတွေကို ဖြုတ်ခိုင်းတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရွာကို စစ်ကကောင်စီလက်အောက်ခံ ရဲတပ်သားတွေ မကြာမကြာလာတတ်တယ်လို့သိရပါတယ်။