fbpx

“မင်းတို့နိုင်ငံက မြန်မာနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးပြီလား” လို့ မြန်မာအရေး စွပ်စွဲပုတ်ခတ်သူတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ် တုံ့ပြန်

မကြာခင်ရက်ပိုင်းအတွင်း သွားရောက်မည့် မြန်မာခရီးစဉ်အတွက် ဝေဖန်ပုတ်ခတ်နေသူများကို ” မင်းတို့နိုင်ငံကရော မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးပြီလား ” ဟု မေးမြန်းခဲ့သည့် အပြင် ကိုယ့်ကိုယ်ကိုယ် လက်ညိုးပြန်ထိုးမေးသင့်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထပ်မံတုံ့ပြန်လိုက်သည်။




၂၀၂၂ ခုနှစ် ဇန်နဝါရီ(၇-၈)တွင် သွားရောက်မည့် မြန်မာခရီးစဉ်မတိုင်မီ မကြာခဏ ထိုးနှက်
ဝေဖန်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည့်အတွက် အမေရိကန်အပါအဝင် ဝေဖန် တိုက်ခိုက်ထိုးနှက်သောနိုင်ငံများအားလုံးကို ဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ ပြန်လည်တုံ့ပြန် ခဲ့ခြင်းမျိုးဖြစ်ကြောင်းလည်း ကမ္ဘောဒီးယားမီဒီယာ ဖနွမ်းပင်ပို့စ်က ဒီဇင်ဘာ(၂၃)ရက်တွင် ဖော်ပြသည်။ ” မင်းတို့နိုင်ငံတွေကရော မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီးပြီလား။ ငါ့ကို လက်ညှိုးမထိုးခင် မင်းတို့ဘာသာမင်းတို့ ပြန်ဖြေသင့်တယ်။ မင်းတို့လုပ်နေတာတွေဟာ အထောက်အကူဖြစ်သလားဆိုတာ တိတိကျကျ ပြန်စဉ်းစားပြီး မေးခွန်းထုတ်ကြည့်သင့်တယ် ” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။ အထူးသဖြင့် ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့မည်ဟု ကတိပေးထားသည့် ကိစ္စမှာ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က စိတ်နှလုံးပိုင်းဆိုင်ရာ မခံမရပ်နိုင်လောက်အောင် ဖြစ်လာပြီး ဟွန်ဆန်အပေါ် ဒေါသတကြီးထိုးနှက်ဝေဖန်နေကြခြင်းမျိုးလည်း ဖြစ်သည်။




” မင်းတို့ကသာ တကယ်ကို စိတ်ခိုင်ခိုင်မာမာရှိတယ်ဆိုရင် မြန်မာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပါ။ မင်းတို့ မလုပ်နိုင်ဘဲနဲ့တော့ င့ါကိုလာပြီး စွပ်စွဲပုတ်ခတ်တာတွေ မလုပ်နဲ့လေ။ မြန်မာနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်မယ်ဆိုရင်တောင် မင်းတို့ဘက်က လုပ်ပိုင်ခွင့်ရှိတာကို မင်းတို့လုပ်တာ။ ငါကတော့ မြန်မာနိုင်ငံမှာ ကမ္ဘောဒီးယားသံရုံးကို ထားရှိသွားဦးမှာပဲ။ ဒါက င့ါနိုင်ငံရဲ့အချုပ်အခြာအာဏာလုပ်ပိုင်ခွင့်ပဲ ” ဟု ဟွန်ဆန်က ဆက်လက်ပြောကြားသည်။ လက်ရှိအချိန်အထိ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာစစ်တပ်ခေါင်းဆောင်များကို မကြိုက်သောကြောင့်ဟုဆိုကာ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်သည်ဆိုသော နိုင်ငံတစ်ခုမှ ထွက်မလာခြင်းအပေါ်ကိုလည်း ဟွန်ဆန်က မီးမောင်းထိုးပြသည်။ အလားတူပင် အာဆီယံ(၁၀)နိုင်ငံရှိနေခြင်းမှသည် (၉)နိုင်ငံသာ ရှိတော့သော အာဆီယံထိပ်သီးအစည်းအဝေးမျိုးကို ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့်အချိန်၌ အလိုမရှိကြောင်း၊ ယင်းအတွက်ကြောင့် တတ်စွမ်းသည့်ဘက်မှ ကြိုးစားနေခြင်းဖြစ်ကြောင်း ဟွန်ဆန်က ဆိုသည်။ အထူးသဖြင့် အာဆီယံသည်(၁၀)နိုင်ငံ ပြည့်ပြည့်၀၀ ရှိနေပြီး (၁၀)နိုင်ငံကြား သဘောထားညီညွတ်နေခြင်းထက် (၉)နိုင်ငံသာရှိပြီး သဘောထားကွဲလွဲနေခြင်းက စုပေါင်းညီညွတ်မှုအပိုင်း အားနည်းသည့်ဘက်ကိုရောက်သွားခြင်းသာ ဖြစ်ကြောင်းလည်း ဟွန်ဆန်က ပြောသည်။ ” ကျွန်တော့်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားအချို့ကိုပြောချင်တာက ကျွန်တော်က ခင်ဗျားတို့ခံစားချက်ကို နားလည်ပါတယ်။ မင်းအောင်လှိုင်နဲ့ ကျွန်တော့်ပုံတွေကို မီးရှို့ပြတာတွေက အစပေ့ါ။ အဆင်ပြေပါတယ်။ မင်းတို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ မင်းတို့လုပ်တာက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်တည်ဆောက်လာနိုင်ရေးအတွက် ဘယ်လိုအကျိုးအမြတ်ရသလဲဆိုတာကို ပြန်စဉ်းစားကြည့်သင့်တယ် ” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ဆက်လက်ပြောကြားသည်။ ယင်းမှာ လွန်ခဲ့သည့်ရက်ပိုင်းများအတွင်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဓါတ်ပုံများကို မြန်မာအချို့က မီးရှိုှု့၍ ဆန္ဒပြကန့်ကွက်နေကြခြင်းအပေါ် ဟွန်ဆန်က ပြန်လည်တုံ့ပြန်လာသည့်သဘောလည်း ဖြစ်သည်။




ကမ္ဘောဒီးယားဒီမိုကရေစီအင်စတီကျု့၏ ပူးတွဲထူထောင်သူ ရို ဗန်နက်က ဟွန်ဆန်၏ မြန်မာခရီးစဉ်နှင့်ပတ်သက်၍ သုံးသပ်မှုတွင် ဟွန်ဆန်၏ရည်ရွယ်ချက်ကို မြင်နေရပြီး ဒေသတွင်းနိုင်ငံများအထိပါ လွှမ်းမိုးဦးဆောင်နိုင်စွမ်းရှိကြောင်း ဟွန်ဆန်ဘက်က ပြသချင်ပုံရကြောင်းလည်း ဆိုသည်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည့်အချိန်နှင့် မြန်မာပြဿနာရင်ဆိုင်ဖြေရှင်းရမည့် အခိုက်အတန့်တို့ ဆုံလာခိုက်တွင် ဟွန်ဆန်က ၎င်း၏ခေါင်းဆောင်မှုစွမ်းရည်ကို ကမ္ဘာသိစေရန် ထုတ်ပြလိုသည့်သဘောမျိုးလည်းဖြစ်ကြောင်း ထောက်ပြထားသည်။

Source – NP News