fbpx

​​ရုံးချိန်းများဆက်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးထိခိုက်လာမည်ကို ရှေ့နေများစိုးရိမ်

ယခုရက်သတ္တပတ်တွင် ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်သည့် ရုံးဖွင့်ရက် လေးရက်လုံး တရားရုံး၊ ရုံးချိန်းများ ရှိနေသည့်အတွက် ၎င်း၏ကျန်းမာရေးထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း ရှေ့နေများက ဆိုသည်။

“ဒီနေ့ တရားရုံးကိုရောက်လာတဲ့ အမေ့ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။ အမှုတွေကိုလည်း စိတ်ဝင်တစ်စားနဲ့ နားထောင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတစ်ပတ်မှာ ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်တဲ့လေးရက်လုံး ရုံးချိန်းရှိနေတဲ့အတွက် ရေရှည်မှာ အမေ့ရဲ့ ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်တယ်” ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ဆိုသည်။

“ဒီနေ့မှာ ရုံးချိန်းတွေကို တစ်ပတ်ခြားပဲဖြစ်ဖြစ် နည်းနည်းခွာထားပေးဖို့ လျှောက်ထားခဲ့ပေမယ့် အမေရင်ဆိုင်နေရတဲ့ အခြားအမှုတွေကလည်း ရှိနေတော့ တရားသူကြီးက ခွင့်မပြုခဲ့ပါဘူး။” ဟုလည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ထပ်လောင်းပြောဆိုခဲ့သည်။

ယခုတစ်ပတ်တနင်္လာနေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့အတွက် ရုံးချိန်းများရှိသည်။ အင်္ဂါနေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ (နောက်ထပ်တစ်မှု)၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ အတွက် ရုံးချိန်းများရှိသည်။

ကြာသပတေးနေ့တွင်တော့ မစ္စတာရှောင်တာနယ်နှင့်အတူ ရုံးချိန်းရှိနေပြီး သောကြာနေ့တွင် ၎င်းအား မန္တလေးတိုင်းတရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိအမှု လေးမှုအတွက် ရုံးချိန်း (ဒီအမှုကတော့ တစ်ပတ်ခြားဖြစ်သည်) များရှိနေသည်။ သို့ဖြစ်ရာ ယခုတစ်ပတ်ကစ၍ တစ်ပတ်လျှင် အနည်းဆုံး ရုံးချိန်း ၃ ရက်ရှိနေမည်ဖြစ်သည်။

“ပုံမှန်ဆိုရင် လူတစ်ယောက်က တစ်ပတ်တည်း ရုံးချိန်းနှစ်ချိန်းထက်ပို မတက်နိုင်ဘူး။ အဲသည် ရုံးချိန်း နှစ်ချိန်းကိုလည်း ကြားထဲမှာ ခွာထားရတယ်။ အခုက ရုံးဖွင့်ရက် ငါးရက်မှာ ရုံးချိန်းက လေးရက်တောင်ဆိုတော့ သူ့အနေနဲ့ တော်တော်လေးပင်ပန်းလိမ့်မယ်” ဟု ရန်ကုန်က ရှေ့နေတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း တရားရုံးကိုရောက်လာပြီးနောက် ကားမူးပြီး ထိုင်ခုံတွင်ပင်ကောင်းစွာမထိုင်နိုင်သဖြင့် လှည့်ပြန်သွားခဲ့ရရာ ရှေ့နေများက ၎င်း၏ကျန်းမာရေးအတွက် စိုးရိမ်နေခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာ ၂၇ သည် NLD ပါတီတည်ထောင်မှု ၃၃ နှစ်ပြည့်နေ့လည်းဖြစ်သည်။ တည်ထောင်ခဲ့စဉ်က အတွင်းရေးမှူးအဖြစ်ပါဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင်လည်း အမှုများဖြင့် ရှုပ်နေသည့်အတွက် ၃၃ နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်း မရှိပါ။