fbpx

ကလေးမြို့တွင် COVID-19 အသွင်ပြောင်း ရောဂါပိုးကြောင့် တရက်လျှင် ပျမ်းမျှ ၈ ဦးခန့် သေဆုံးနေ

ဇွန် ၂ဝ ရက်

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) ကလေးမြို့တွင် COVID-19 မျိုးဗီဇအသွင်ပြောင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် တစ်ရက်လျှင် ပျမ်းမျှ ၈ဦးခန့် သေဆုံးနေကြောင်း သတင်းရရှိသည်။


ငလေးမြို့၌ လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်ရှိနေပြီး သေဆုံးသူဦးရေ ၄ဝ ကျော် ရှိနေကြောင်း သိရသည်။
“အခု positive ဖြစ်လို့ ကိုဗစ်စင်တာမှာထားတာက ၂၀၀ ကျော်လောက်ရှိတယ်။ ဒါက သာမာန်လူ နာ ဝေဒနာမပြင်းထန်တဲ့လူနာတွေ။ အနံ့မရတဲ့သူတွေ၊ နောက်ဒီ ကိုဗစ်ရောဂါလက္ခဏာမျိုးခံစားနေရတဲ့သူတွေ နေအိမ်မှာ Home ကွာရန်တင်းနဲ့ နေခိုင်းထားတာ အများကြီးရှိသေးတယ်။ ဒီကိုဗစ်စင်တာကနေမှ ရောဂါပြင်းထန်လာပြီ အသက်ရှုစက်တွေဘာတွေပေးရတော့မယ်ဆိုမှ ဆေးရုံပို့ ရတာ။ ဆေးရုံကလည်းသေးတယ်လေ။ ၁၀ ယောက်ဘဲ ကုပေးနိုင်တယ်။ ဆရာဝန်တွေ၊ သူနာ ပြုတွေလည်း မလုံလောက်ဘူး။ မလုံလောက်ဆို တစ်ယောက်စ နှစ်ယောက်စလောက်ဘဲရှိတယ်။ ကိုယ့်အသိထဲက CDM လုပ်နေတဲ့ဆရာဝန်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်းပြီး လာကြည့်ခိုင်းရတယ်”ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။




ယင်းသို့ကူးစက်မှု၊ သေဆုံးမှုမြင့်မားနေသော်လည်း လက်ရှိအာဏာသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှုများ မပြုလုပ်နိုင်သည့်အပြင် ဒေသခံများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် မည်သည့် ထောက်ပံ့မှုမှ မပြုလုပ်နိုင်ကြောင်း ကလေးမြို့ခံများက ပြောသည်။




“လက်ရှိစစ်ကောင်စီက ဘာမှလုပ်မပေးနိုင်ဘူး။ ဘာမှအကောင်အထည်မဖော်နိုင်ဘူး။ ရောဂါပိုးကလည်း တစ်မြို့လုံး ရပ်ကွက်တိုင်းလိုလိုမှာ တွေ့နေတယ်။ ရောဂါကူးပြီဆိုရင်တောင် ကိုဗစ်စင်တာမှာ မနေချင်ကြဘူး။ အစားအသောက်၊ ဆေးဝါး ဘာတစ်ခုမှအဆင်မပြေဘူး။ အရင်ကလို အရမ်းကူးစက်နေလို့ အိမ်အပြင်မထွက်ကြဖို့လည်း တားမယ့်လူလည်းမရှိဘူး။ ထွက်နေကြတာဘဲ။ ပြည်သူတွေကလည်း ထွက်နေကြတာဘဲ။ ဒီလိုအပ်ချက်လေးတွေတောင် လူမှုကူညီရေးအသင်းတွေကဘဲ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ပြီး PPE တွေ၊ ကျန်တဲ့ လက်အိတ်၊ Hand Gel၊၊ Mask အကုန်လုံး အလှူခံပြီး ကိုယ်ထူကိုယ်ထလုပ်နေရတယ်” ဟု ကလေးမြို့ခံ လူငယ်တစ်ဦးက ပြောသည်။




ကလေးမြို့တွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 မျိုးဗီဇအသွင်ပြောင်း ရောဂါပိုးသည် ပြင်းထန်သည့်ပိုးတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားမကောင်းသူဖြစ်ပါက ကူးစက်ခံရပြီး ၇၂ နာရီ အတွင်း သေဆုံးမှုများဖြစ်ပေါ်နေကြောင်း
ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်းမ်