fbpx

နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ဘရူနိုင်းသို့အထူးလေယာဉ်ဖြင့် နေ့ချင်းပြန်လျို့ဝှက်ခရီးသွားရောက်ခဲ့

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်းနိုင်ငံသို့ MAI အထူးလေယာဉ်ကိုသုံး၍ လျို့ဝှက်ခရီးစဉ်အဖြစ် သတင်းမထုတ်ပြန်သောနေ့ချင်းပြန်ခရီးသွားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဘရူနိုင်းခရီးစဉ်မှာ အောက်တိုဘာ(၁)ရက်ကဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် အထူးလျို့ဝှက်ပုံစံမျိုးလုပ်ဆောင်ခဲ့ကြောင်းနှင့် MAI အထူးလေယာဉ်ကို သုံးစွဲခဲ့ကြောင်းလည်း လေကြောင်းလိုင်းဆိုင်ရာအတွင်းသတင်းရင်းမြစ်အချို့က အတည်ပြုပြောကြားသည်။

လေဆိပ်ဝန်ထမ်းများပင်လျှင် မည်သူက မည်သည့်နေရာကို မည်သည့်အတွက်ကြောင့်သွားရောက်သည်ကို သေချာစွာမသိရဘဲ နေပြည်တော်လေဆိပ်၌အသင့်ပြင်ဆင်စောင့်ဆိုင်းနေခဲ့ရခြင်းမျိုးဖြစ်ပြီး ခရီးစဉ်၏အရေးပါမှုကလည်း ကြီးမားဖွယ်ရှိနေကြောင်း ခန့်မှန်းပြောဆိုသည်။ ယင်းအချက်အလက်ကိုအတည်ပြု၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ဦးထံ ဆက်သွယ်မေးမြန်းမှုတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘုရင်ထံ သွားရောက်တွေ့ဆုံခဲ့ခြင်းမျိုးဖြစ်ပြီး ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး အီရီဝန်ယူဆော့ဖ်တို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်မှာ ယခုလကုန်ပိုင်း၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ရိုက်ဆက်စပ်နေမည်ဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပုံရကြောင်း သိရသည်။ အထူးသဖြင့် လက်ရှိကာလရက်ပိုင်းအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှတစ်ဆင့် မီဒီယာများသိစေရန်အစထုတ်ပေးလျှက်ရှိသော အောက်တိုဘာ အာဆီယံထိပ်သီးညီလာခံအရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခွင့်ရမရဆိုသောကိစ္စတို့နှင့် တိုက်ရိုက်ပတ်သက်နေသည့်သဘောမျိုးဖြစ်ကြောင်း ကြားသိရသည်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ကိုလာရောက်ရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရေးဆိုသည့်ခေါင်းစဉ်ကို မလေးရှားနိုင်ငံက ဦးတည်ထားပြီး အာဆီယံအထူးကိုယ်စားလှယ်ကလည်း မီဒီယာများထံ သွယ်ဝိုက်သောစကားများဖြင့် မှတ်ချက်ပြုမှုများ ရှိနေသည်ကို တွေ့ရသည်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ အောက်တိုဘာ(၁)ရက်က ဘရူနိုင်းအထူးခရီးစဉ်မှာ အာဆီယံနိုင်ငံအချို့ပင် ချက်ခြင်းမသိခဲ့ကြဘဲ နောက်တစ်ရက်မှသာလျှင် သိသွားခဲ့ကြခြင်းမျိုးဖြစ်ပြီး အောက်တိုဘာ(၃)ရက်မှစ၍ မီဒီယာစာမျက်နှာများတွင် အာဆီယံမြန်မာထိုင်ခုံကို လှုပ်ခါစေမည့်မှတ်ချက်များ စတင်ထွက်ပေါ်လာသည်ကို တွေ့ရသည်။