fbpx

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီအမှုဖွင့်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ နေပြည်တော်ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ ဇွန် ၁၀ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်း ဦးဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိသာတို့ကို လက်ခံယူခဲ့တာဟာ အဂတိလိုက်စားမှုကို ကျူးလွန်တာလို့စစ်ကောင်စီက စွပ်စွဲပါတယ်။
ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်ဖို့ တကသိုလ်ရိပ်သာလမ်းက မြေတစ်ဧကကျော်နဲ့ အဆောက်အဦးကို လုပ်ထုံးလုပ်နည်းနဲ့မညီ၊ ထိုက်သင့်တဲ့တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့နှုန်းနဲ့ ငှားခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ အဲဒီသတင်းစာက ဖော်ပြပါတယ်။

ဒါ့အပြင် နေပြည်တော်က လရောင်တော စီမံကိန်းအတွက် မြေကွက်နှစ်ကွက်ကို နေပြည်တော်စည်ပင်မှာ လျှောက်ထားရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ခွင့်ပြုပေးခဲ့ပြီး ထိုက်သင့်တန်ဖိုးထက်များစွာလျော့နည်းပြီးပေးချေခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အများပြည်သူလှူဒါန်းငွေတွေထဲက ကျပ် ၁ ဘီလီယံကျော်ကို မလျော်သြဇာသုံးပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ အဆောက်အဦနေအိမ်ကိုလည်း တည်ဆောက်ခဲ့တာဟာ အဂတိလိုက်စားမှုကျူးလွန်ကြောင်းပေါ်ပေါက်တယ်လို့စစ်ကောင်စီက ဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ပုဒ်မ ၅၅ အရအမှုဖွင့်ပြီးတရားစွဲဆိုထားတယ်လို့ဖော်ပြပါတယ်။
နေပြည်တောမြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့a ဒုမြို့တော်ဝန်ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင်ဦးမင်းသူတို့ကို လရောင်တော မြေကွက်‌တွေကို မြေနေရာချထားပေးခြင်းနဲ့ မြေဂရန်ထုတ်ပေးရာမှာ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ကျူးလွန်ပြီး ခွင့်ပြုပေးခဲ့တာကြောင့်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ တို့နဲ့ ဇွန် ၉ ရက်မှာ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။