fbpx

သာကေတတွင် ဗုံး ၆ ကြိမ်ကွဲ၊ စစ်တပ်သတင်းပေး ရာအိမ်မှူး ဦးဘုန်းငွေ သေဆုံးသည့် မြင်ကွင်း

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း မေလ ၂၇ ရက် ယနေ့နံနက်တွင် ဗုံး ၆ ကြိမ် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက်အတွင်း ယနေ့နံနက် ၈ နာရီခန့်က စစ်တပ်အမာခံ သတင်းပေးတစ်ဦး မာန်ပြေ ၃ အရှေ့ရပ်ကွက် ရာအိမ်မှူး ဦးဘုန်းငွေ သေဆုံးကြောင်း သာကေတမြို့နယ်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်သတင်းပေးပို့လာသည်။

“၈ နာရီ ဝန်းကျင်လောက် မာန်ပြေလမ်း ၂၀ အရှေ့ နေအိမ် ဒလန်သတင်းပေး ရာအိမ်မှူး ဦးဘုန်းငွေ သေနတ်အပစ်ခံရပြီး ဗုံးကွဲတယ်လို့ ကြားပါတယ်။ သေတယ်လို့ လည်း ကြားတယ်။ အခု စစ်ခွေးတွေအကုန် ဝိုင်းထားတယ် လမ်းတွေရော၊ ရပ်ကွက်တွေရော။ အတိအကျ သိဖို့ ခက်နေသေးတယ်။ လော လောဆယ်ကြားတာကိုပဲ ပြောပြတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုလက်ရှိအချိန်တွင် သာကေတမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရပ်ကွက်များ၊ လမ်းများကို ပိတ်ဆို့ထားပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓာတ်ပုံ – ခေတ်သစ်သတင်းဌာန