fbpx

ရန်ကုန်မြို့တွင်း စက်သုံးဆီ အရောင်းဆိုင်များအားလုံး ဆိုင်ကယ်များကို ဆီမရောင်းရန် ညွန်ကြားလိုက်ကြောင်း သိရ

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအားလုံး ဆိုင်ကယ်များကို စက်သုံးဆီ ရောင်းချခြင်းမပြုရန် ယနေ့နေစွဲဖြင့် စွမ်းအင်ဌာနက အမိန့်ထုတ်ပြန်လိုက်ကြောင်း မြန်မာ့ရေနံလုပ်ငန်း MPE မှ ဝန်ထမ်းတချို့က အတည်ပြုသည်။

ဆိုင်ကယ်များကို အသုံးပြုပြီး ဗုံးခွဲမှု ပြုလုပ်ခြင်းနှင့်အတူ ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းမှု ပပျောက်ရေးအတွက် ဆိုပြီး စစ်ကောင်စီ၏ အမိန့်ကို နာခံသည့် ဌာနတွင်း အကြီးပိုင်းများက ယခုလို အမိန့်ထုတ်ပြန်ခြင်းဟု ရန်ကုန်ရှိ MPE ဝန်ထမ်းတဦးက ပြောသည်။
“တချက်ခုတ် နှစ်ချက်ပြတ် လုပ်တာပေါ့ဗျာ။ ဆိုင်ကယ်တွေ ဆီမရှိရင် စီးလို့မရတော့ဘူးပေါ့ဗျာ။ ဆိုင်ကယ်နဲ့ သူတို့ကို ချိန်းခြောက်မှုတွေ လုပ်လို့မရတော့ဘူးပေါ့ဗျာ။ အဲ့ဒီလိုလုပ်ရင် ရဲတွေနဲ့ သူတို့ လက်ဝေခံလူတွေ စီးမလား၊ မစီးဘူးလား ဆိုတာ စောင့်ကြည့်မယ်။ တကယ့်ဦးဏှောက်မရှိတဲ့ အကြီးအကဲတွေ။ ရွှေဥာဏ်တော် စူးရောက်တွေ။ ဓာတ်ဆီ၊ ဒီဇယ်က ကားနဲ့ဆိုင်ကယ် တခုထဲအတွက် ဖြန့်နေသလိုများ ထင်နေသလားမသိဘူး” ဟု ပြောသည်။

ထိုသို့ အမိန့်ထွက်လာခြင်းကြောင့် မှောင်ခို စက်သုံးဆီ စျေးကွက်က ပြန်လည်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်ထဲထိ အောက်ခြေအဆင့်ဆင့် တရားမဝင် လာဘ်ပေးလာဘ်ယူမှု ပိုဖြစ်မည်ဟု ရန်ကုန် စွမ်းအင်ဌာနမှ CDM ဝန်ထမ်းတဦးက ဆိုသည်။

“စက်ရုံသုံးတွေကို ဆိုင်ကြီးတွေက တိုက်ရိုက်ရောင်းတယ်ဆိုပေမယ့် အကြီးစား စက်ရုံတွေကသာ ဝယ်နိုင်တာ။ တပိုင်တနိုင်လုပ်ငန်းတွေ၊အိမ်သုံးမီးစက်တွေအတွက်က လိုင်စင်မရှိလည်း ရပ်ကွက်ထဲအဆင့်ထိ တိုးတိုး တိတ်တိတ် ရောင်းကြမှာပဲ။ ဆိုင်ကယ်တွေလည်း အဲ့ဒီကနေ သုံးကြမှာပဲ။ အဲ့လိုရောင်းသူတွေကို ဖမ်းမယ်ဆိုလည်း လာဘ်ပေးလာဘ်ယူပြီး လုပ်မှာပဲ။ နောက်ဆုံးဗျာ။ ကားရှိတဲ့သူက ပုဂ္ဂလိက ဆီဆိုင်ကနေဝယ်၊ ရပ်ကွက်အဆင့်ဆိုင်မှာ ပြန်ရောင်းတာ ဖြစ်လာမှာပဲ” ဟု ဆက်ဆိုသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ Danko ဆီဆိုင်တွင် ဆိုင်ကယ်ဖြင့် ဗုံးဖောက်ခွဲမှုတခု ပြီးခဲ့သည့်လက ဖြစ်ခဲ့သည်။ ထို့အပြင် ဆိုင်ကယ်ဖြင့် အုပ်ချုပ်ရေး ယန္တရားလည်ပတ်သည့် ရုံးများ၊ လုံခြုံရေး ဆောင်ရွက်သူများကို ပစ်ခတ်မှုများ ရှိခဲ့သည်။
ယနေ့ ညနေပိုင်းတွင် တောင်ဒဂုံ မြို့နယ်ရှိ ဆီဆိုင်များတွင် ဆိုင်ကယ်အတွက် ဆီသွားဖြည့်ရာ မရောင်းချတော့ကြောင်း တောင်ဒဂုံ ဒေသခံတဦးက ပြောသည်။

“ကျနော်တို့လို အခြေခံလူတန်းစားတွေတောင် အခုလို ကျပ်တည်းနေရချိန်မှာ ဆိုင်ကယ်ကို အမှီပြုပြီး သွားလာကာ လမ်းစရိတ် ကုန်ကျတာကို လျော့ချနေရတာ။ အခြေခံ လူတန်းစားတွေဆို ပိုဆိုးပြီ။ အလုပ်က နောက်ကျရတဲ့အထဲ သွားရေးလာရေးပါ ပိုခက်ခဲတော့မယ်ဆို အဖမ်းဆီးက တမျိုး၊ လိုင်ကားအခက်အခဲနဲ့ ပိုခက်ခဲပီပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

#Ayayarwaddytime