fbpx

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့သွေးမအေးတဲ့ မြေးမလေး အိန္ဒြာကျော်ဇင် ဘဝအကြောင်း

ဒီနေ့မှာတော့ မြန်မာ့ရုပ်ရှင်လောကထဲက ထင်ရှားလှတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးက ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်ကြတဲ့ သူမကိုတော့ ၁၉၇၇ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

မိဘတွေကတော့ ဦးကျော်ဇင်နဲ့ ဒေါ်မြသီတာတို့ပဲ ဖြစ်ပါတယ်။ မွေးချင်းသုံးဦးရှိပြီး သူမကတော့ အငယ်ဆုံးဖြစ်ပါတယ်။ သူမရဲ့ဇာတိကတော့ ရန်ကုန်မြို့ ဖြစ်ပါတယ်။ သူမရဲ့မိဘမျိုးရိုးကို ကြည့်မယ်ဆိုရင်တော့ သူမဟာ ယနေ့အထိထင်ရှားကျော်ကြားဆဲဖြစ်တဲ့ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ တူမဖြစ်ပါတယ်။

ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ဇေယျရဲ့ မြေးတော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီးကောလိပ်ဂျင်နေဝင်းဟာ သူမရဲ့ ဦးလေးဖြစ်ပြီး ရာဇာနေဝင်း၊ ပိုင်ဇေရဲထွန်းတို့နဲ့ မောင်နှမဝမ်းကွဲ တော်စပ်ပါတယ်။

ကြော်ငြာမော်ဒယ်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် တစ်နှစ်ထဲမှာပဲ အဖြူရောင်အတ္တ၊ ကျွန်တော် ကျွန်မတို့သည်၊ နှလုံးသားလျှို့ဝှက်ခန်းစတဲ့ ရုပ်ရှင်ကားကြီး သုံးကားမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ယနေ့အချိန်အထိ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ရာနဲ့ချီပြီးတော့ ရှိခဲ့ပါတယ်။

တီဗွီကြော်ငြာတိုင်းလိုလိုမှာ နေရာယူထားပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ သူမဟာ ၂၀၀၄ ခုနှစ်မှာ မျက်နှာများတဲ့ကောင်းကင် ဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပထမအကြိမ် ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံ၊ ၂၀၁၃ ခုနှစ်မှာ အဖြူရောင်ရဲတိုက်၊ ၂၀၁၅ ခုနှစ်မှာ မောင့်အိမ်သူဇာတ်ကားတွေနဲ့

အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီရရှိခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ ရင်ဘတ်ထဲကဓား ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်မံဆွတ်ခူးခဲ့ပါတယ်။

သူမရဲ့ မိသားစုဘဝကို ဖော်ပြရမယ်ဆိုရင်တော့ သူမဟာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာ နိုင်ငံကျော်မင်းသားတစ်ဦး ဖြစ်တဲ့ ပြေတီဦးနဲ့ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပပြီး လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သားသမီးနှစ်ဦးထွန်းကားခဲ့ပြီး သူမရဲ့ ရင်သွေးလေးတွေကတော့ ပြေသုဒြာနဲ့ ပြေဒီရ တို့ပဲ ဖြစ်ပါတယ်။

သူမဟာ ပန်းချီဆွဲရတာကို ဝါသနာပြီး အပျော်တမ်း ပန်းချီဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ အနုပညာမှတ်ကျောက်တစ်ခုအနေနဲ့ သူမဟာ ၂၀၀၁ခုနှစ်မှာ ပြင်သစ်နိုင်ငံ Dealnile မြို့မှာကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ပရိသတ်ကြီးရေ မတရားဖမ်းဆီးခံနေရတဲ့ အိန္ဒြာကျော်ဇင် အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်‌ပေးခဲ့ပါအုန်းနော်။