fbpx

ကင်ဆာကို ၉နှစ်ကြာကုသခဲ့တဲ့သခင်ရဲ့ ဘေးကုတင်ပေါ်လဲလျောင်းရင်း တစ်နာရီခွဲသာခြားပြီး အတူသေဆုံးသွားခဲ့ကြတဲ့ သခင်နှင့်သစ္စာရှိခွေးလေး

သစ္စာရှိတဲ့ခွေးတွေဟာ ၎င်းတို့ရဲ့ဘဝဆုံးခန်းတိုင်တဲ့အထိ ၎င်းတို့ရဲ့သခင်နဲ့အတူ အဖော်အဖြစ်ရှိသွားပေးတတ်ကြပါတယ်။ အမေရိကန်နိုင်ငံ Burnsville မြို့၌ Daniel Hove အမည်ရှိ အငြိမ်းစား လေတပ်အရာရှိတစ်ဦးမှာ Gunner အမည်ရှိ ခွေးတစ်ကောင်ရှိပါတယ်။ Daniel ဟာ ပန်ကရိယကင်ဆာကိုခံစားခဲ့ရပြီး ၉ နှစ်ကြာ တိုက်ပွဲဝင်ခဲ့သလို သူ့ရဲ့အိမ်မွေးခွေးလေးကလည်း ဘေးကနေ သူ့ကို သစ္စာရှိရှိ စောင့်ရှောက်ပေးခဲ့ပါတယ်။ 2020 ခုနှစ်တွင် အပြင်းဖျားနေတဲ့ Daniel နှင့် အသက်ကြီးရင့်လာပြီဖြစ်တဲ့ Gunner တို့ဟာ ထိုနေ့တစ်ရက်တည်း၌ပင် ကမ္ဘာကြီးမှ အတူတူထွက်ခွါသွားခဲ့ကြပါတယ်။ Gunner က ကမ္ဘာကြီးမှ ပထမဆုံးထွက်ခွါသွားခဲ့ပြီး နောက်တစ်နာရီခွဲအကြာမှာတော့ သခင်ဖြစ်သူကလည်း ကောင်းကင်ဘုံ၌ သူ့ခွေးလေးနဲ့ တွေ့ဆုံဖို့ လူလောကကနေ ထွက်ခွာသွားခဲ့ပါတယ်။

 

 

Daniel ရဲ့သမီးဖြစ်သူ Heather Nicoletti က ဖခင်ဖြစ်သူဟာ အငြိမ်းစားမယူမီ မီးသတ်တပ်ဖွဲ့တွင် အမှုထမ်းခဲ့ပြီး 2011 ခုနှစ် အောက်တိုဘာလတွင် ပန်ကရိယကင်ဆာရောဂါကို စတင်တွေ့ရှိခဲ့ပြီး နောက်နှစ်မှာ ပြန်လည်သက်သာလာစေရန် အနားယူဖို့ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကင်ဆာရောဂါကိုခုခံတိုက်ခိုက်နေတဲ့ လွန်ခဲ့သည့် 9 နှစ်ကျော်လောက်ကတည်းက မိသားစုဝင်များနှင့် Gunner ဟာ Daniel ရဲ့အနားတွင် အမြဲရှိနေပေးခဲ့ကြပါတယ်။

“ အဖေနဲ့ Gunner တို့က အကောင်းဆုံး အဖော်တွေပါ၊ သူတို့သွားလေရာရာ အတူတူရှိနေကြပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေတောင် ရှိတတ်ကြသေးတယ်၊ တစ်ခါတလေ အဖေကစိတ်မကောင်းဖြစ်တန်ပြီး Gunner ကလည်း စိတ်ဆိုးနေတတ်သေးတယ် ” ဟု Heather က ထပ်မံပြောကြားခဲ့ပါတယ်။

 

 

Daniel ရဲ့အခြေအနေက နှစ်များတစ်လျှောက် ဆက်လက်ဆိုးရွားလာခဲ့ပြီး Gunner ကလည်း တဖြည်းဖြည်း အသက်ကြီးလာကာ ၎င်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာ ယခင်ကထက် များစွာဆိုးရွားလာခဲ့ပါတယ်။

နောက်ပိုင်းမှာ Gunner ဟာ ခြေထောက်တွေ ရောင်ရမ်းလာတဲ့အတွက် ရှားပါးတဲ့ရောဂါကိုခံစားခဲ့ရပြီး ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ မိသားစုက ဆေးခန်းကို ပြန်ခေါ်သွားတဲ့အခါ တိရိစ္ဆာန်ဆေးကုဆရာဝန်က ကုသလို့မရဘူးလို့ဆိုပြီး Gunner ကို အေးအေးချမ်းချမ်းသာ အိပ်စက်ခွင့်ပေးလိုက်ပါ လို့သာပြောကြားခဲ့ပါတယ်။

 

 

ထို့နောက် Gunner လေးအိမ်ပြန်ရောက်လာခဲ့ပြီးနောက်၊ သူအနားယူရန် Daniel ဘေးရှိကုတင်ပေါ်တွင် လှဲလျောင်းခဲ့ပြီး သိပ်မကြာခင်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။ Gunner ထွက်သွားပြီး နာရီဝက်အကြာမှာတော့ Daniel သည်လည်း လူ့လောကမှ ထွက်ခွါသွားခဲ့ပါတယ်။

ကျန်ရစ်သူမိသားစုက အလွန်ဝမ်းနည်းကြေကွဲနေခဲ့ကြပေမဲ့လည်း Daniel နှင့် Gunner တို့မှာ နာကျင်မှုမရှိတော့ဘဲ နောက်ဆုံးမှာ အတူရှိနေကြပြီဖြစ်တာကြောင့် အလွန်စိတ်သက်သာရာရခဲ့ကြရပါတယ်။ ၎င်းသခင်နဲ့ခွေးလေးတို့ဟာ ထိုနေ့မှာ အတူတူထွက်ခွါသွားခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် ဆုံးရှုံးရသည့်ဝေဒနာကိုမရင်ဆိုင်ခဲ့ကြရတာကြောင့် ဒါဟာ သူတို့အတွက် အကောင်းဆုံးလက်ဆောင်လို့ဘဲဆိုရမှာပါ။

ခရက်ဒစ် – Mckzone daily