fbpx

အင်္ဂလိပ်အစိုးရတောင် လက်မြှောက်အလျော့ပေးခဲ့ရတဲ့ မြန်မာ့သူရဲကောင်း

ခရစ်နှစ် ၁၉၂၉ ခုနှစ် နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံတစ်လွှား လူပြောများနေတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ ပန်းချီဆရာဟောင်း အသက် ၅၅ နှစ် အရွယ် လူလတ်ပိုင်းတစ်ဦးက မြန်မာ့ပထမဦးဆုံးလေသူရဲဘွဲ့ကိုခံယူတော့မယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါ တယ်။

အင်မတန်အန္တရာယ်များတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကြောင့် အင်္ဂလိပ်အစိုးရဖြစ်တဲ့ ထားဝယ်အရေးပိုင်မင်းကိုယ်တိုင် လေသူရဲဘွဲ့ခံယူမဲ့သူဆီကို ဆင်းပြီးတားဆီးခဲ့ရတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးတဲ့ သူရဲကောင်းက သူရဲ့ရည်မှန်းချက်ကို လက်လွှတ်ဆုံးရှုံးခံချင်တဲ့ ပုံမပေါ်ပါဘူး။

နောက်ဆုံးမှာတော့ အင်မတန်အာဏာရှိတဲ့ အရေးပိုင်မင်းကိုယ်တိုင် လက်လျှော့ခဲ့ရပြီး သူရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲ ကြိုးစားရပါတော့တယ်။ ဒီရည်ရွယ်ချက်ကြီးတဲ့ သူရဲကောင်းကတော့ ထားဝယ် အ.ထ.က ကျောင်းရဲ့ အငြိမ်းစား ပန်းချီဆရာ ဦးကျော်ရင်ဆိုတဲ့သူပဲဖြစ်ပါတယ်။

ဦးကျော်ရင်ဟာ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာလေ့လာရတာကိုဝါသနာထုံတဲ့သူဖြစ် ပြီး နယ်လှည့်ပညာဝန်ဦးထွန်းအုန်းနဲ့ဆုံတွေ့ပြီးတဲ့နောက်မှာတော့ အစိုးရကျောင်း ပုံဆွဲဆရာ ရာထူးကိုဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြီး အစိုးရဝန်ထမ်း ပုံဆွဲဆရာ ပန်းချီဆရာတစ်ဦးဖြစ်လာပါတော့တယ်။

အင်္ဂလိပ်စာကိုကျွမ်းကျင်တဲ့ ဦးကျော်ရင်ဟာ အင်္ဂလိပ်သတင်းစာတွေကိုဖတ်ရှုတဲ့အခါ အနောက်နိုင်ငံတွေမှာ လေယာဉ်ပျက်ကျတဲ့ သတင်းတွေခဏခဏဖတ်ရှု့ရတာကြောင့် သူတတ်ကျွမ်းတဲ့ပုံဆွဲအတတ်ပညာနဲ့ လေယာဉ် ပျက်ကျတဲ့အခါ လူအသေအပျောက်နည်းနိုင်သမျှနည်းနိုင်မဲ့ နည်းလမ်းကို စမ်းသပ်လုပ်ကိုင် ကြည့်ခဲ့ပါတယ်။

ဒီသတင်းကို သူရိယသတင်းစာကဖော်ပြလိုက်တဲ့အခါ ဒီသတင်းဟာ မြန်မာပြည်ဘုရင်ခံနားအထိပေါက်သွားပြီး ဘုရင်ခံကိုယ်တိုင်ကခေါ်ယူလေ့လာခဲ့ပါတယ်။ အဲ့ဒိအတောအတွင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာတာကြောင့် ဦးကျော်ရင်စမ်းသပ်နေတဲ့ လေယာဉ်ဒီဇိုင်းပရောဂျက်ဟာ ရပ်နားခဲ့ရပါတယ်။

ဒီပရောဂျက်ကိုရပ်နားခဲ့ရပေမဲ့လည်း မိမိရဲ့ကိုယ်စွမ်းဉာဏ်စွမ်းကိုပြသဖို့ စိတ်အားထက်သန် တဲ့ဦးကျော်ရင်ဟာ အသက် ၅၅ နှစ်အရွယ်မှာ အစိုးရဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူ လိုက်ပြီးနောက် တတ်ကျွမ်းတဲ့ပုံဆွဲအတတ်ပညာကိုအသုံးပြုပြီး လေယာဉ်ဒီဇိုင်းဆွဲတဲ့ ပရောဂျက်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့ပါတယ်။

ခေတ်ကာလအခက်အခဲကြောင့် လေယာဉ်အထိမဖြစ် ခဲ့ရပေမဲ့ သူရဲ့ပရောဂျက်ဟာ မီးပုံးပျံအဖြစ် အသက်ဝင်လာခဲ့ပါတယ်။ ဦးကျော်ရင်မတိုင်ခင်က မြန်မာနိုင်ငံမှာ မီးပုံးပျံကိုလူစီးဖို့လောက်အထိ ဘယ်သူမှ ကြိုးစားခဲ့ တာမျိုးမရှိခဲ့ပါဘူး။

ကမ္ဘာသမိုင်းတစ်လျှောက်မှာ ပထမဆုံးလူစီးမီးပုံပျံကိုတီထွင်စီးနင်းခဲ့တာကတော့ ပြင်သစ်ညီနောင်နှစ်ဦးဖြစ်တဲ့ Joseph-Michel and Jacques-Étienne Montgolfier တို့ပဲဖြစ်ပြီး ၁၇၈၃ ခုနှစ် စက်တင်ဘာလမှ မီးပုံးပျံကိုလွှင့်တင်ခဲ့တာဖြစ်ပြီး ဒီနှစ်ဦးစီးနင်းခဲ့တဲ့ မီးပုံးပျံကတော့ အမြင့်ပေ ၈၅ ပေလောက်ပဲတက်ပြီး လေထဲမှာ ၁၀ မိနစ်လောက်ပဲ ဝဲပျံနိုင်ခဲ့ပါတယ်။

ဦးကျော်ရင်ရဲ့မီးပုံးပျံစီးမဲ့ အစီအစဉ်ဟာတစ်နိုင်ငံလုံးကိုပျံနှံ့သွားပြီး ထားဝယ် အရေးပိုင်မင်းကိုယ်တိုင် လာရောက်တားမြစ်ခဲ့ပေမဲ့လည်း စိတ်အားထက်သန်နေတဲ့ ဦးကျော်ရင်ဟာ အလျှော့ပေးခဲ့ခြင်းမရှိတာကြောင့် ထားဝယ်အရေးပိုင်မင်းကိုယ်တိုင် ကူညီပေးဖို့ဆုံးဖြတ်ခဲ့ရပါတယ်။

ဦးကျော်ရင်ရဲ့မီးပုံးပျံဟာ အမြင့်အတောင် ၃၀ ခန့် အကျယ်အတောင် ၁၀၀ ခန့်ရှိပြီး ၁၉၂၉ ခုနှစ် မတ်လမှာတော့ မီးပုံးပျံစီးမဲ့ ထားဝယ်မြို့ ကြက်စားပြင်ရပ် လယ်ကွင်းထဲကို အရေးပိုင်မင်းကိုယ်တိုင်ကားမောင်းပို့ပေးခဲ့တာဖြစ်ပါ တယ်။

မီးပုံးပျံကိုမှိုင်းဝအောင်သွင်းပြီး ဆိုင်းကြိုးများကိုဖြုတ်လိုက်တဲ့နောက်မှာတော့ ဧရာမမီးပုံးပျံကြီးဟာ လေပေါ်ကိုတစ်ရှိန်ထိုးတက်သွားပြီး မီးပုံးပျံအောက်မှာတွဲလဲ ချိတ်ထားတဲ့ဘားတန်းမှာတော့ ဦးကျော်ရင်ဟာတွဲလောင်းခိုပြီးလိုက်ပါသွားပါတယ်။
ဦးကျော်ရင်ရဲ့ပထမဆုံးမီးပုံးပျံဟာ အမြင့်ပေ ၂၅၀ ကျော်အထိတက်သွားပြီး မူလမီးပုံးပျံလွှတ်တဲ့နေရာကနေ တစ်မိုင်ကျော်အကွာအထိ ခရီးဆက်နိုင်ခဲ့ပါတယ်။

ဦးကျော်ရင်ရဲ့မီးပုံးပျံစီးနင်းအောင်မြင်မှုသတင်းဟာ တစ်နိုင်ငံလုံးကို တစ်ရှိန်ထိုးပျံ့နှံ့သွားပြီး ၁၉၃၀ ခုနှစ်မှာတော့ National Sporting Club ရဲ့စီစဉ်ပေးမှုနဲ့ ရန်ကုန်မြို့ ကန်တော်ကြီးအလယ်ကျွန်းမှာ မီးပုံးပျံစီးနင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မီးပုံးပျံအတက်မှာ သစ်ပင်တွေနဲ့ရိုက်မိတာကြောင့် ဦးကျော်ရင်ဟာ ခြေထောက်အနည်း ငယ်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာပျောက်ပျောက်ချင်းမှာပဲ ဦးကျော်ရင်ဟာ ရန်ကုန်မြို့မှာ မီးပုံးပျံ ၃ ကြိမ်စီးနင်းခဲ့ပြီး ရရှိတဲ့ငွေကြေးတွေထဲက မီးပုံးပျံကုန်ကျစရိတ်လောက်ပဲချန်ကာ ကျန်တဲ့ငွေကြေးအားလုံးကို မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသားကျောင်းဖြစ်တဲ့ မြို့မကျောင်း(ယခု အ.ထ.က-၂ ဒဂုံ)ကျောင်းဆောက်လုပ်နိုင်ဖို့အတွက် လှူဒါန်းခဲ့ပါ တယ်။

၁၉၃၄ ခုနှစ်မှာတော့ မြိတ်မြို့မှာထပ်မံစီးနင်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပင်လယ်အတွင်းမှာ ဆင်းသက်ခဲ့ပါတယ်။ ဦးကျော်ရင်ဟာ သူ့တစ်သက်တာလုံးမှာ မီးပုံးပျံ ၅ လုံးကိုအသုံးပြုကာ အကြိမ်ရေ ၅၅ ကြိမ်စီးနင်းခဲ့ပြီး ၁၉၃၉ ခုနှစ် ဧပြီလ မှာတော့ ဇာတိဖြစ်တဲ့ ထားဝယ်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဦးကျော်ရင် ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဦးကျော်ရင်ရဲ့နောက်မှာတော့ မြန်မာစတန့်မင်းသား ဦးချစ်ဆွေဟာ ၁၉၃၉ ခုနှစ်ထွက် မြဂနိုင် ရုပ်ရှင်ဇာတ်ကားမှာမီးပုံးပျံစီးပြီး ရဲလက်ကထွက်ပြေးတဲ့ အခန်းကိုထည့်သွင်းရိုက်ကူးခဲ့ပြီး ဇာတ်လမ်းအတွက် စတန့်မင်းသားကြီးဦးချစ်ဆွေဟာ မီးပုံးပျံအစစ်ကိုစီးနင်းပြီး သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒိနောက်မှာလဲ တာမွေ ဗျိုင်းရေအိုးစင်ရပ်၊ ရတနာလမ်းမှာနေထိုင်တဲ့ အသက် ၂၀ အရွယ် မတင်နုကလဲ မီးပုံးပျံစီးဖို့စီစဉ်ခဲ့ပေမဲ့ အစိုးရက ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။၁၉၆၀ ခုနှစ် နိုဝင်ဘာလမှာတော့ ဦးကျော်ရင်ရဲ့သား ဦးကျော်လင်းက နတ္တလင်းမြို့မှာ မီးပုံးပျံစီးနင်းခဲ့ပါသေးတယ်။

ဦးကျော်လင်းကိုတော့ နတ္တလင်းမြို့က မီးပုံးပျံစီးသူရဲကောင်းဆုတံဆိပ်ပေးအပ်ခဲ့ပါတယ်။ ဦးကျော်လင်းရဲ့စီးနင်းမှုဟာ လူနေဖို့ခြင်းမပါပဲ ဘားတန်းတွယ်ကာ မီးပုံးပျံစီးခဲ့တဲ့ နောက်ဆုံးသူဖြစ်ပြီး ဦးကျော်လင်း ရဲ့နောက်မှတော့ မီးပုံးပျံစီးနင်းသူတစ်ဦးမှမရှိတော့ပါဘူး။

လူပြောတဲ့ ပါးစပ်ရာဇဝင်တစ် ခုလိုဖြစ်နေတဲ့ မြန်မာ့မီးပုံးပျံစီးလေသူရဲဦးကျော်ရင်ဟာ သူ့ရဲ့ရည်ရွယ်ချက်ကို ပြည့်ဝဖို့ အတွက် အားသွန်ခွန်စိုက်ကြိုးစားတဲ့နေရာမှာ အာဏာအလွန်ရှိတဲ့ အရေးပိုင်မင်းတောင် မတားနိုင်ပဲ နောက်ဆုံးမှာ ကူညီပေးခဲ့ရတဲ့အထိပါပဲ။

ဒီနေ့ခေတ်မှာတော့ ဦးကျော်ရင်ကို အမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ထားဝယ်မြို့မှာရှိတဲ့ လူငယ်တွေစုပေါင်းပြီး မီးပုံးပျံတွေ ကိုလွတ်တင်ခဲ့ပါတယ်။

ဓာတ်ပုံမှာ အင်္ဂလိပ်အရေးပိုင်မင်း၊ ဦးကျော်ရင်နှင့် အင်္ဂလိပ်နာမည်ကျော် စာရေးဆရာ မောရစ်ကောလစ်တို့ဖြစ်ကြပါတယ်။