fbpx

​​ရန်ကုန်တွင် မြေအောက်ဥမင်လမ်းများဆက်ဖောက်ရန် မင်းအောင်လှိုင် တိုက်တွန်း

အောက်တိုဘာ ၇ ရက်က ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးမှာ ဖောက်လုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ရန်ကုန်မြို့အတွင်း လူဦးရေနဲ့ ပို့ဆောင် ဆက်သွယ်ရေးယာဉ် အရေအတွက် တိုးပွားလာနေပြီး လမ်းဧရိယာတွေ တိုးချဲ့ဖို့ မဖြစ်နိုင်လို့  နှစ်ထပ်လမ်းကြောင်းတွေ၊ မြေအောက်ဥမင် လမ်းကြောင်းတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ယခု မြေအောက်လမ်းကူး လူသွားဥမင်ဟာ မြေအောက်ရထားလမ်းအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းတွေရဲ့ ကနဦး ခြေလှမ်းအစဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အဆိုပါ  မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဈေးဆိုင်ခန်းတွေပါဝင်တဲ့ မြေအောက်လမ်း ကူးလူသွားဥမင်(Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မ၊ ပင်မဥမင် စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခု ပါဝင်ကာ တနာရီလျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ်သန်းသွားလာ နိုင်မယ်လို့ သိရပါတယ်။.