fbpx

အကယ်ဒမီဆုပေးပွဲအား ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဟုဆို

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရုပ်ရှင်ရုံများအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိရာ မြန်မာရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲကိုလည်း ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။

 

(၁ဝ၁) နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့ (အောက်တိုဘာလ ၁၃ ရက်) ဗုဒ္ဓဟူးနေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ လူနည်းစု ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (၄၄) ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနသည် စက်တင်ဘာလအတွင်းက အလှူငွေ သိန်းတစ်ရာ(၁ဝဝ) ကျပ်အား လှူဒါန်းခဲ့သည်။

 

၂ဝ၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ၂ဝ၂ဝ မတ်လအတွင်း ကျင်းပရန်ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ၂ဝ၂ဝ မတ်လပိုင်းက ကိုဗစ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့သည့်အတွက် ပြန်ကြား ရေးဝန်ကြီးဋ္ဌာန၏ ကိုဗစ်စည်းကမ်းချက်အတိုင်း အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားအား ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

 

သို့သော် ၂ဝ၂ဝ ဧပြီလကုန်ပိုင်းလောက်မှာ ကိုဗစ်ကူးစက်မှုများလျော့နည်းလာသည့်အတွက် အကယ်ဒမီပွဲအခမ်း အနားကို ၂ဝ၂ဝ မေလ (သို့) ဇွန်လပိုင်းလောက်တွင် ကျင်းပရန် ထပ်မံစီစဉ်ခဲ့ကြသော်လည်း ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှုသည် ဒုတိယလှိုင်းအသွင်ဖြင့် ထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် အစီအစဉ်များ ပျက်ယွင်းခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်ကြောင့် ပြည်တွင်း၌ အဖက်ဖက်က အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသလို အနုပညာသမားများ၊ ရိုက်ကူ/ထုတ်လုပ်ရေးပိုင်းများ၊ ရုပ်ရှင်ရုံများအား ရပ်နားထားရသည်မှာ အချိန်ကာလအနေဖြင့် နှစ်နှစ်နီးပါး ထိကြာမြင့်ပြီးဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရန် လိုအပ်ကြောင်းနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်လည်း ပြန်ကြား ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် ရုပ်ရှင်ရုံငှားရမ်းလုပ်ကိုင်သူများက ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အောက်တိုဘာလ(၁၁) ရက်က အသိပေးပြောကြားထားသည်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးဘက်မှ တာဝန်ရှိသူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များ၊ ဌားရမ်းထားသူများအနေဖြင့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု ဆိုသော်လည်း တချို့သောအနုပညာရှင်များသည် ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်ကို အားပေးဟန် မမြင်ရသလို၊ ပြန်လည်ဖွင့်လှစ်ပါကလည်း မြန်မာ့ရုပ်ရှင်က မထူးတော့ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြနေသည်ကို မြင်တွေ့နေရသည်။

 

ယခုနှစ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင် ကန်တော့ခံ ရုပ်ရှင်သက်ကြီးတစ်ဦးလျှင် ကန်တော့ငွေကျပ် သုံးသိန်းရှစ် သောင်း(၃၈ဝဝဝဝ) ကျပ်နှင့် ဆေးပစ္စည်းမျိုး(၄ဝ) ခန့်နှင့် အခြားသော လှူဖွယ်ပစ္စည်းများအား ကန်တော့နိုင်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်နှစ်က ကန်တော့ခံရုပ်ရှင်သက်ကြီးဦးရေသည် (၁၇ဝ) ကျော်ထိရှိခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ရောဂါနှင့် သက်ကြီးရောဂါများကြောင့် ကွယ်လွန်သူဦးရေသည် (၂ဝ)ဦးခန့်ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ကန်တော့ခံဦးရေ(၁၅ဝ) ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။

|NP NEWS