fbpx

ပေါက်မြို့နယ်၊ ကင်းမရွာလုံးကျွတ် စစ်တပ်က မီးတင်ရှို့မှု လောင်ကျွမ်းနေဆဲဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူတချို့ မီးထဲပါသွားဟုဆို

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်း ၊ ကင်းမရွာတွင် အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ယနေ့ မွန်းလွဲပိုင်းမှစတင်၍ မီးတင်ရှို့ခဲ့ရာ ယခုညပိုင်းတွင် အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးချို့တဲ့သူတချို့ မီးထဲပါသွားပြီး သေဆုံးမှုများရှိကြောင်း ဒေသရင်းမြစ် ပေါက်မြို့နယ်ဟစ်တိုင်၏ သတင်းဖော်ပြချက်နှင့် ဒေသခံတချို့၏ အတည်ပြုပြောဆိုချက်များအရ သိရှိရသည်။


ပေါက်မြို့နယ်၊ ကင်းမရွာတွင် ရွာလုံးကျွတ်နီးပါးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးတင်ရှို့ခဲ့ပြီး ယခုညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်များ ဝင်ရောက်လာစဉ် ရွာသူ၊သားများထွက်ပြေးပုန်းရှောင်ကြသော်လည်း ကျန်းမာရေးမကောင်း မွန် သော သက်ကြီးရွယ်အိုများ၊ မပြေးလွားနိုင်သော အဘိုးအဘွားများကို အစာရေစာ လုံလောက်စွာဖြင့် အိမ်များထဲတွင် သော့ပိတ်ထားခဲ့ကြောင်း၊ ယခု မီးရှို့မှုကြောင့် မီးကူးစက်ပြီး ရွာလုံးကျွတ် မီးလောင်နေရာ သက်ကြီးရွယ်အိုများ ပါဝင်သွားကြောင်း ပေါက်မြို့နယ်ဟစ်တိုင်က သတင်းဖော်ပြသည်။



“ကျနော့်အဘွားပါသွားပါတယ်။ ကျနော်တို့ သူတို့ ဝင်လာနေတယ်ဆိုတာ သိတော့ အချိန်မီ ရှောင်တယ်။ အိမ်မှာ မပြေးနိုင်တဲ့ သူ အဘွားကို ဒီနေ့ ညစာ ၊ နောက်နေ့ စားဖို့လေးတွေ အခြောက် အခြမ်းတွေ စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် အခု ကျနော်တို့အိမ်လည်း မီးထဲပါသွားတယ်။ အဘွားလည်း ပါသွားပြီပေါ့” ဟု ကင်းမကျေးရွာမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်း၏ အဆိုအရ အဘိုးအဘွားများအပြင် ကျန်းမာရေးမကောင်း၍ လေဖြတ်နေသူတချို့လည်း ရွာတွင် ကျန်ရစ်ခဲ့ရာ မီးလောင်မှုကြောင့် အဆိုပါ ကျန်းမာ ရေးချို့တဲ့ လေဖြတ်သူတချို့လည်း မီးထဲသွားကြောင်း သိရှိရသည်။


“ချက်ချင်းကြီး ပြေးရတော့ ကျန်းမာရေးမကောင်းတဲ့သူတချို့လည်း ကျန်ခဲ့တာရှိတယ်။ ၁ ရက် ၂ ရက်လောက်နေရင် ပြန်လို့ရမယ်ထင်ခဲ့တာ။ အခုတော့ ရွာလုံးကျွတ်မီးတိုက်ပစ်တာ အရမ်း ယုတ်မာလွန်းတယ်။ လူတွေကို ပါ မီးတိုက်သတ်ပစ်တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။